News

POST TYPE

POPULAR POST

ဦးထင်ကျော် နိုင်ငံတော်သမ္မတ(ငြိမ်း) သို့မဟုတ် သန္တိသုခ မျက်နှာနှင့် လူ
01-Sep-2020

ရုပ်သံနှင့် သတင်းဓာတ်ပုံဟူ၍ ခေါင်းတပ်ထားသည်ဖြစ်၍ ခပ်များများက ခပ်ဝေးဝေးကနေ တို့ရထိရသည်။ အချို့သောပုဂ္ဂိုလ်များမှာမှု တစ်ခါတစ်ရံ ခပ်နီးနီး ထိကပ်၍ အကဲခတ် တို့ရထိရသည်များရှိသည်။ ဦးထင်ကျော်ကို မိမိနှစ်ကြိမ်သုံးကြိမ်ခန့် ခပ်နီးနီးထိ၊ တွေ့ထိဖူးသော လူတစ်ယောက်ဖြစ်သည်။ မိမိမျက်စိထဲပေါ်လာသော ရုပ်သံမြင်ကွင်းကျယ်များ၊ ဓာတ်ပုံ ကားချပ်များ၊ အနီးကပ် အကဲခတ်ချက်များကို စုပေါင်း၍ ခဲခြစ်ကောက်ကြောင်းတစ်ခုဆွဲလိုသည်က ဦးထင်ကျော် သို့မဟုတ် ကဗျာဟုသုံးချင်သည်။

သို့သော် ဆရာဒဂုန်တာရာက ဗဟိန်း သို့မဟုတ် ကဗျာဟူသော အသုံးကို ရုပ်ပုံလွှာတွင်သုံးထားနှင့် သောကြောင့် မသုံးဝံ့၊ သို့နှင့် နိုင်ငံတော်သမ္မတကြီး (ငြိမ်း) ဦးထင်ကျော်အတွက် လိုက်ဖက်မည့် နာမဝိသေသနတစ်ခုကို ခဲခြစ်ကောက်ကြောင်းများအောက်မှာ ရှာဖွေ ကြည့်မိသည်။ 

မြန်မာနိုင်ငံ ကိုးဦးမြောက် သမ္မတကြီး ဦးထင်ကျော်ကို ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အဘဖြစ်သူ ခေတ်စမ်းစာရေးဆရာ ကဗျာ ဆရာကြီး ဦးဝဏ် (မင်းသုဝဏ်) မိခင်ဒေါ်ကြည်ကြည့် တို့မှ မွေးဖွားသော ဒုတိယမြောက်သားတစ်ဦး ဖြစ်သည်။ ငယ်နာမည်မှာ ဒလဘန်း ဟုအမည်တွင်သည်။ နောင်တွင်အဆိုပါအမည်ဖြင့် စာအုပ်စာပေ ရေးသားခြင်းများကိုပြုလုပ်သည်။ 

မွေးချင်းမောင်နှမ သုံးဦးရှိသည်။ ဦးထင်ကျော်ကို ရန်ကုန်တက္ကသိုလ်နယ်မြေ ပုဂံလမ်း အိမ်အမှတ် (၅) တွင်မွေးဖွားခဲ့သူဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့သားတစ်ဦးဆိုသည်ထက် တက္ကသိုလ်မြို့သားတစ်ဦး လို့ မိမိကဆိုချင်သည်။ အထက်တန်းပညာကို မက်သဒစ်ဟိုက်စကူးမှ အောင်မြင်ပြီး ၁၉၆၂ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်တက်ရောက်ခဲ့သည်။ 

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့ကို စာရင်းအင်းပညာနှင့် ၁၉၆၈ တွင်ရရှိခဲ့သည်။ ၁၉၇၁ - ၁၉၇၂ မှာ လန်ဒန်တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ ဘာသာရပ်ကို မဟာဘွဲ့ရရှိခဲ့သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်နည်းပြဆရာ၊ ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာန Programmer Analyst ၊ စက်မှုဝန်ကြီးဌာန ဌာနခွဲမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင်၊ ဒုညွန်မှူးရာထူးကနေ ဆန္ဒအလျောက်နုတ်ထွက်ခဲ့သည်။

ဇနီးသည်မှာ လက်ရှိသုံးခွမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်ဖြစ်သည်။ (စကားချပ်) ဒေါ်စုစုလွင်၏ ဖခင်ဖြစ်သူ ဦးလွင်သည် NLD Founder တစ်ဦးဖြစ်ပြီး၊ ယခင်အန်အယ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သူ ဦးလွင်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် သုံးခွမြို့နယ်မှ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။ ဇနီးသည်ဖြစ်သူ ဒေါ်စုစုလွင်နှင့် ၁၉၇၃ ခုနှစ်တွင် လက်ထပ်ခဲ့သော်လည်း သား၊ သမီး မရရှိခဲ့ပေ။ 

ဖခင်ဖြစ်သူ ဆရာကြီးမင်းသုဝဏ် ၁၉၉၀ အန်အယ်ဒီရွေးကောက်ခံကိုယ်စားလှယ်၊ ဇနီးသည်၏ ဖခင်(ယောက္ခမ) ဦးလွင် နှင့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ပုဂ္ဂိုလ်များနှင့် အနီးကပ်ဆက်ဆံရေးများရှိခဲ့သော်လည်း ယနေ့တိုင်ပါတီဝင်တစ်ဦးအဖြစ်မရပ်တည်။ သို့သော်လည်း ပါတီကောင်းကျိုးများကို နောက်ကွယ်မှပံ့ပိုးခြင်းဖြင့် ပါတီပေါ်စွဲမြဲစွာသစ္စာရှိခြင်းဖြင့် အလုပ်အကျွေးပြုသူ တစ်ယောက်ဟုဆို ချင်သည်။

ရှေးမြန်မာကြီးများ၏ အရပ်အမောင်းနှင့် ရုပ်ရည်ကဲ့သို့ရှိသူတစ်ဦးဖြစ်သည်။ ဦးထင်ကျော်ကို ဖခင်ဖြစ်သူဘက်မှ မွန်သွေးအပြင်၊ ရှမ်း၊ ဗမာသွေးရှိ သူတစ်ဦးဖြစ်သည်။ အသားအရေညိုမောင်းမောင်းနှင့် တစ်ခေါင်းလုံးဖွေးဖွေးဖြူနေသည့်ဆံပင်များ ဖုံးလွှမ်းထားသည်က ကာလာအရောအစပ်မှန်သည် ဆိုရမည်။ မျက်နှာအနေအထားသည် ရှိနှင့်ပြီးအရပ် အမောင်းနှင့်လိုက်ဖက်သော အချိုးအစားရှိသည်။ ထူးခြားသည်က လူအများစုတွင်တွေ့ရခဲသော ငြိမ်းအေးမှုကို မျက်နှာတွင်တွေ့ရခြင်းဖြစ်သည်။ 

ခြောက်ပေခန့်ရှိမည်ထင်သောအရပ်အမောင်း နှင့် မလိုက်အောင်သွားလာလှုပ်ရှားမှုက ညင်သာသူ တစ်ဦးဖြစ်သည်။ မိမိစဉ်းစားချက်က နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်သည် ငယ်စဉ်အခါက ဆုရရှိဖူးသည်အထိ ရေကူးဝါသနာထုံခဲ့သည်များက အရပ်အမောင်းကို ယခုလိုဆွဲဆန့်စေခဲ့သလားဟု ဖြစ်သည်။ သို့သော် ရှိရင်းစွဲ အရပ်အမောင်း၊ အသက် အရွယ်နှင့် ဆန့်ကျင်ဘက်ရှိလို့နေသည်က လမ်းလျှောက်ပုံဖြစ်သည်။ ခါးမကိုင်း ရင်ကော့၍ လျှောက်တတ်သူဖြစ်သည်။ ယုံကြည်မှု အားကောင်းသူဖြစ်မည်။

မိမိအထက်တွင်ဆိုခဲ့သလို လူအများစုမှာတွေ့ရခဲသော ငြိမ်းအေးမှုသာမက စကားပြောရာတွင်လည်း သိမ်မွေ့ညင်သာသည်ဟု ထင်သည်။ ခက်ထန်မှုမရှိ ရိုးဂုဏ်ကိုတွေ့ရသည်။ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ အထိ နိုင်ငံတော်သမ္မတ တာဝန်များထမ်းဆောင်ခဲ့သည်ကို မိမိအမြင်နှင့် ဆိုရလျှင် သုံးနှစ်တာကာလ တစ်ခုသည် ညတာရှည်သော ဆောင်းအိပ်မက်များ ဖြစ်နေမလားဟု သူ့ကိုယ်စားတွေးမိသည်။ သို့ရာတွင် အများစုသဘောထားညီသည့် သမ္မတတစ်ဦးဟု ထင်သည်။

မိမိတစ်ဦးတည်းသဘောထားအရ နိုင်ငံရေးဟူသည် တေဇောဓာတ်သဘောပါသည်။ ပူလောင်မှု သဘောရှိ၏။ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၏ မျက်နှာသဏ္ဌာန်နှင့် လှုပ်ရှားမှုတို့သည် ငြိမ်းအေးခြင်း သန္တိသုခသဘောရှိသည်။ မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်သည်။ မလိုက်ဖက်။ တင်းတိမ်ရောင့်ရဲသော စိတ်အနေအထားရှိသူတစ်ဦး၊ တစ်နည်းအားဖြင့် ရိုးရှင်းသောဘဝနှင့် နေသားကျခဲ့သူ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော် ဟူသည်ကားဘဝကို ယောနိသော မနသိကာရ တင့်သင့်လျောက်ပတ်သော စိတ်နှလုံးသွင်းထားတတ်သူတစ်ဦးဖြစ်သည်။

သို့သော် သူ၏ခရီးကားမဆုံးသေး အန်အယ်ဒီပါတီ၏  အလံတော်အောက်ဝယ်လိုက်ပါ စီးမျောနေဦးမည်ထင်သည်။ တစ်ခရီးကို တစ်စီးတည်းသွားခဲ့သူ ဖြစ်သည်။ ထို့ကြောင်ပင် သူ၏သစ္စာနှင့် တည်ဆောက်ခဲ့သည့် ပါတီတစ်ခုအပေါ် ထုံးစံအတိုင်း နောက်ကွယ်က ပံ့ပိုးခြင်းဖြင့် သူ၏နိုင်ငံရေးခရီးကား ရှည်ကြာနေဦး မည်ဟု ထင်မြင်မိပါသည်။

သောင်းထိုက်ကို