News

POST TYPE

POPULAR POST

ရေကျော် City Mart အတွင်းဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်မှုမှ သံသယရှိသူ အမျိုးသမီးကို ရမန်ယူ၍ အင်းစိန်ထောင်ပို့
01-Sep-2020


ရန်ကုန်၊ သြဂုတ် ၃၁

ရေကျော် City Mart အတွင်း ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်မှုတွင် သံသယရှိသူ မနှင်းဝတ်ရည်ကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် တရားစွဲဆိုထား၍ သြဂုတ်လ ၃၁ ရက်တွင် ပုဇွန်တောင်မြို့နယ်တရားရုံး၌ ဖြောင့်ချက်နှင့် ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင် လိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်မှာ သြဂုတ်လ ၂၈ ရက် ညနေပိုင်းတွင် ရေကျော် City Mart အမျိုးသမီးသန့်စင်ခန်းအတွင်း သံသယရှိသူ မနှင်းဝတ်ရည်သည် လက်ကိုင်ဖုန်းကျန်ခဲ့၍ ပြန်လည်ယူရာတွင် သန့်စင်ခန်းအတွင်းရှိ နစ်နာသူအမျိုးသမီးကြီးတစ်ဦးနှင့် စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သံသယရှိသူမှ အဆိုပါအမျိုးသမီးကြီး၏ လည်ပင်းကို မျက်မှန်ကိုင်း (ကျိုးသွားသော) ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ရဲစခန်းက ပြောကြားထားသည်။

ထို့ပြင် ယင်းဖြစ်စဉ်ကိုလူမှုကွန်ရက်ပေါ်တွင် ဆွဲကြိုးလုသည်ဟု ပျံ့နှံ့နေသော်လည်း ခိုက်ရန်ဖြစ်ပွားမှုသာဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်ရဲစခန်းက အတည်ပြုထားသည်။

လက်ရှိအချိန်တွင် သံသယရှိသူ မနှင်းဝတ်ရည်ကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ဖြင့် ပုဇွန်တောင်မြို့နယ် ရဲစခန်းက တရားလိုလုပ်၍ တရားစွဲဆိုထားပြီး သြဂုတ်လ ၃၁ ရက်တွင် ပုဇွန်တောင် မြို့နယ်တရားရုံးတွင် ဖြောင့်ချက်နှင့် ရမန်ယူကာ အင်းစိန်ထောင်ပို့လိုက်ပြီဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်ကို ရုံးချိန်းထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်သည်။

"ထောင်ကို တန်းပို့တာ၊ မိသားစုတွေနဲ့က မနက်ပိုင်း ရဲစခန်းမှာ ပေးတွေ့တယ်။ ကိုဗစ်ကာလမို့လို့ တရားရုံးက အချုပ်မှာ ပေးမတွေ့တာ ဖြစ်ပါလိမ့်မယ်" ဟု မနှင်းဝတ်ရည်၏ရှေ့နေ ဦးသိန်းဇော်က ရှင်းပြသည်။

ယင်းခိုက်ရန်ဖြစ်ပွားခဲ့သည့်နေ့တွင် နစ်နာသူအမျိုးသမီးကြီးကို ထိခိုက်ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ် လည်ပင်းခွဲစိတ်ခန်းဝင်ထားရပြီး ၎င်း၏သမီးဖြစ်သူမှ အဆိုပါဖြစ်စဉ်မှာ ခိုက်ရန်ဖြစ်ပွားခြင်းမဟုတ်ဘဲ ဓားထောက်၍ ဆွဲကြိုးလုခြင်းဖြစ်ကြောင်း သြဂုတ်လ ၂၈ ရက်တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်တင်ထားခဲ့ပြီး အဆိုပါပိုစ့်ကို ဝေမျှသူ ၃ သောင်းကျော်ရှိကာ လူမှုကွန်ရက်ပေါ်တွင်လည်း အငြင်းပွားမှုများစွာ ရှိနေသည်။

J-02