News

POST TYPE

POPULAR POST

ဘရာဇီးတွင် ကမ္ဘာကပ်ရောဂါကူးစက်မှု အရှိန်မြင့်တက်၊ သေဆုံးသူတစ်သိန်းကျော်ကာ ဒုတိယအများဆုံးအဆင့်သို့ရောက်
10-Aug-2020


ရီယို၊ သြဂုတ် ၉

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကူးစက်ဖြစ်ပွားမှုမှာ အရှိန်လျော့ကျသွားခြင်းမရှိဘဲ ဆက် လက်မြင့်တက်လျက်ရှိရာ ယင်းရောဂါကြောင့် သေဆုံးသူတစ်သိန်းကျော်သွားပြီ ဖြစ်ကြောင်း BBC သတင်းဌာနက ရေး သားဖော်ပြသည်။ 

အဆိုပါနှုန်းထားကြောင့် ဘရာဇီးသည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက်သေဆုံးသူအများ ဆုံးစာရင်းဝင်သွားသည်။ 

ဘရာဇီးတွင် ပထမသုံးလတာအတွင်း ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ  ၅၀,ဝ၀ဝ ခန့်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးမှုနှုန်းအဆမတန် မြင့်တက်လာကာ ရက်ပေါင်း ၅၀ အတွင်း နှစ်ဆခန့်ပိုများသွားခြင်းဖြစ်သည်။ 

ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် အထွတ်အထိပ်သို့ရောက်ရှိခြင်း မရှိသေးသော်လည်း စားသောက်ဆိုင်နှင့်ဈေးဆိုင် အတော်များများမှာ ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီဖြစ်သည်။ 

ဘရာဇီးသမ္မတ ဂျာယာဘော်ဆိုနာရိုက ဗိုင်းရပ်စ်ကူးစက်မှုကို အလေးအနက်မထားခဲ့သလို နိုင်ငံစီးပွားရေး ထိခိုက်စေနိုင်သည့် စီမံချက်များကိုလည်း ဆန့်ကျင်ခဲ့သည်။ 

သမ္မတ ဂျာယာဘော်ဆိုနာရိုကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။ သို့သော် ၎င်းသည်ရောဂါပြန်လည်သက် သာပျောက်ကင်းသွားသည်။ ၎င်းသည် ပြည်နယ်အုပ်ချုပ်ရေးမှူးများ သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းမျဉ်းများကို တိုက် ခိုက်ဝေဖန်ခဲ့သလို လူစုလူဝေးများရှိရာသို့လည်း Mask မတပ်ဘဲသွားလာခဲ့သည်။ 

ကျန်းမာရေးပညာရှင်များက  ဘရာဇီးတွင် ယခုလို ဗိုင်းရပ်စ်ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်တက်နေခြင်းမှာ  သမ္မတဂျာယာဘော်ဆိုနာရို ဦးဆောင်သော အစိုးရအဖွဲ့က ရောဂါထိန်းချုပ်မှု ဆိုင်ရာအစီအစဉ်များ ညံ့ဖျင်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

ထို့ပြင် လက်ရှိအနေအထားတွင် အစိုးရအာဏာပိုင်များသည် ရောဂါထိန်းချုပ်ရေးထက် စီးပွားရေးပြန်လည် စတင် လုပ်ကိုင်နိုင်ရေးကိုသာ အာရုံစိုက်နေရာ ကူးစက်မှုမှာ ပိုမိုမြင့်တက်ဖွယ်သာရှိကြောင်း ၎င်းတို့ကဆိုသည်။ 

သြဂုတ်လ ၉ ရက်နေ့တွင်ရရှိသော စာရင်းများအရ ဘရာဇီးနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၃ ဒသမ ဝ၁ သန်းရှိပြီး သေဆုံးသူ ၁၀၁,ဝ၀ဝ ကျော်ရှိသည်။

ရောဂါပြန်လည်သက်သာကောင်း မွန်သွားသူမှာ ၂ ဒသမ ဝ၉ သန်းရှိသည်။ 

ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်အများဆုံး ကူးစက်ခံနေရသည့်နိုင်ငံမှာ အမေရိကန် ပြည်ထောင်စုဖြစ်ပြီး ရောဂါရှိသူ ၅ ဒသမ ဝ၁ သန်းနှင့် သေဆုံးသူ ၁၆၂,ဝ၀ဝ ကျော် ရှိသည်။ 

တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ဆိုလျှင် ရောဂါကူးစက်ခံရသူပေါင်း ၁၉ ဒသမ ၇ သန်းရှိပြီး သေဆုံးသူပေါင်း ၇၂၇,ဝ၀ဝ ကျော်ရှိသည်။  

F-01