News

POST TYPE

POPULAR POST

အာဖဂန်နစ္စတန်ရှိ ထောင်ကို ISIS များဝင်တိုက်၊ လူ ၂၉ ဦးသေဆုံး
05-Aug-2020


ဂျာလာလာဘတ်၊ သြဂုတ် ၄

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းဂျာလာလာဘတ်မြို့တွင် IS စစ်သွေးကြွများက အကျဉ်းထောင်ကို ဝင်တိုက်ကြရာ  အကျဉ်းသားထောင်ကျော်ထွက်ပြေးရန် ကြိုးစားကြပြီး အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ရသည်။ 

တိုက်ခိုက်မှုကို ကျူးလွန်ကြောင်း IS အဖွဲ့က အတည်ပြုခဲ့ပြီး ထောင်တံခါးဝတွင် ကားဗုံးများခွဲကာ ထောင်ဝင်စီးခဲ့ကြခြင်းဖြစ်သည်။ 

နာရီ ၂၀ ကြာသော တိုက်ပွဲတစ်ရပ်ဖြစ်ခဲ့ကာ တိုက်ခိုက်ရေးသမား ၈ ဦး သေဆုံးခဲ့သည်ဟု နန်ဂါဟာပြည်နယ် ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသည်။ 

ထောင်မှ အကျဉ်းသား ၃၀ဝ ခန့် လွတ်သွားပြီး ထွက်ပြေးလျက်ရှိသည်ဟု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။  တိုက်ခိုက်မှုဖြစ်ချိန်တွင် ထောင်ထဲ၌ အကျဉ်းသား ၁၇၉၃ ဦး ရှိနေပြီး အများစုမှာ တာလီဘန်နှင့်  IS တိုက်ခိုက်ရေးသမားဖြစ်ကြသည်။ 

ထောင်သားတစ်ဦး သို့မဟုတ် တစ်ဖွဲ့ကို ကယ်တင်ရန်အတွက် တိုက်ခိုက်ခြင်း ဟုတ်မဟုတ်ကိုကား ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရာဇဝတ်မှုကျူးလွန်သူများကိုလည်း အဆိုပါ ထောင်တွင်ထားရှိသည်။ 

ထောင်သား ၁၀၂၅ ဦးကို ပြန်လည်ဖမ်းဆီးထားပြီး ၄၃၀ ကို ကယ်ဆယ်ထားကာ ၅၀ ကျော်ဒဏ်ရာရထားသည်ဟု ပြည်နယ်ပြောခွင့်ရအရာရှိက ဆိုသည်။ 

ထောင်ဖောက်ခြင်းသည် အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်သွေးကြွတိုက်ခိုက်ရေးသမားများ၏ နည်းလမ်းဟောင်း ဖြစ်သည်။ သို့သော် ဂျာလာလာဘတ် အကျဉ်းထောင်ကို ယခုအကြိမ်တိုက်ခိုက်ခြင်းသည် စနစ်တကျစုစည်းပြီး အင်အားကောင်းကောင်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။ 

အရှေ့အာဖဂန်နစ္စတန်ဒေသသည်  IS စစ်သွေးြွကများ ခြေရှုပ်ရာနယ်မြေဖြစ်ပြီး အာဖဂန်နှင့်ပါကစ္စတန်ဆိုင်ရာ  IS အဖွဲ့ အခြေစိုက်သည်။ 

အာဖဂန်အစိုးရနှင့် တာလီဘန်တို့၏ တိုက်ခိုက်မှုများကြောင့်  IS များကို ချေမှုန်းပြီးဖြစ်သည်ဟု ပြောဆိုမှုများသည် မကြာသေးခင်က ဖြစ်ခဲ့သည့် စီးနင်းအကြမ်းဖက်မှုများကြောင့် ချဲ့ကားပြောဆိုမှန်း သိသာသွားခဲ့သည်။    

F-02