News

POST TYPE

POPULAR POST

ဆီးရီးယားစစ်စခန်းများကို အစ္စရေးလေတပ်က ဗုံးကြဲတိုက်ခိုက်
05-Aug-2020


ဂျေရုဆလင်၊ သြဂုတ် ၄

ဆီးရီးယားစစ်ရေးပစ်မှတ်များကို အစ္စရေးတိုက်လေယာဉ်များက တနင်္လာနေ့တွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ရှားရှားပါးပါး အတည်ပြုထုတ်ပြန်ခဲ့သည်။ 

မြို့တော် ဒမတ်စကပ်အနီးရှိ စစ်ရေးစခန်းများတွင် ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုများရှိခဲ့သည်ဟု ဆီးရီးယားအစိုးရ မီဒီယာက ဖော်ပြထားသည်။ 

အစ္စရေးဘက်သို့ဗုံးခွဲရန် လုပ်ဆောင်မှုအပေါ် တုံ့ပြန်တိုက်ခိုက်မှုဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကဆိုထားသည်။ 

တိုက်ခိုက်မှုမတိုင်ခင်က အစ္စရေးဘက်က ထိန်းချုပ်ထားသော ဂိုလန်ကုန်းပြင်မြင့် ဒေသဘက်တွင် ဗုံးထောင်ရန် ကြိုးစားသူ လေးဦးကို အစ္စရေးစစ်တပ်က သုတ်သင်ခဲ့သည်။ 

မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဆိုသည်ကို ပြောသေးရန် စောနေသေးသော်လည်း ဆီးရီးယားအစိုးရတွင် တာဝန်ရှိကြောင်း အစ္စရေးစစ်တပ် ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီး  ဂျိုနသန်ကွန်ရီကပ်စ်က ပြောကြားသည်။ 

တနင်္လာနေ့ အစ္စရေးလေကြောင်း တိုက်ခိုက်မှုသည် ကူနာတြာဒေသရှိ ဆီးရီးယားတပ်စခန်းများမှ ထောက်လှမ်းရေးစနစ်နေရာများ၊ လေကြောင်းရန် ကာကွယ်ရေးစခန်းများ၊ ကွပ်ကဲရေးစင်တာများ ပါဝင်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။ 

ဆီးရီးယားနယ်မြေထဲမှ ပြုလုပ်သော လုပ်ဆောင်မှုများအတွက် ဆီးရီးယား အစိုးရတွင် တာဝန်ရှိကြောင်း၊ အစ္စရေး အချုပ်အခြာကို ဖောက်ဖျက်သော လုပ်ရပ်များကို ပြန်တိုက်နေဦးမည်ဖြစ်ကြောင်း အစ္စရေးကြေညာချက်တွင်  ဖော်ပြထားသည်။ 

ဆီးရီးယား၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များကို တပ်လှန့်အသင့်ပြင်ထားကြောင်း ဆီးရီးယားအစိုးရ မီဒီယာ sana က ထုတ်ပြန်ထားသည်။ 

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရတ်နယ်စပ်အနီးရှိ အရှေ့မြောက်ပိုင်းမြို့တွင် လူ ၁၅ ဦးခန့် သေဆုံးကြောင်း ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က ကြေညာသည်။ 

ပြီးခဲ့သည့် သီတင်းပတ် ၂ ပတ်ခန့် က ဆီးရီးယားနယ်မြေထဲရှိ ဟစ်ဇ်ဘိုလာဖိုက်တာတစ်ဦးကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့်ဒေသတွင်း တင်းမာမှု ပြန်လည်မြင့်တက်လာခဲ့သည်။ 

F-02