News

POST TYPE

POPULAR POST

ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအလွန်ကြီးနိုင်
05-Aug-2020
ရန်ကုန်၊ သြဂုတ် ၄

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအလွန်အားကောင်းသော အဆင့်သို့ရောက်ရှိနေကြောင်း မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်နိုင်၍ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်း အမြင့်မှာ ၁၀ ပေမှ ၁၆ ပေခန့်အထိ ရှိနိုင်သည်။

ထို့အပြင် ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးတွင် နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာပြီးနေရာကွက်၍ မိုးကြီးနိုင်ကာ ရေပြင်လေမှာ အနောက်(သို့) အနောက်တောင်မှ တစ်နာရီလျှင် ပင်လယ်မိုင် ၁၅ မှ ၂၀ မိုင် တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်၍ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၅ ပေခန့် အထိရှိနိုင်သည်။

အလားတူ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်ကာ အမြင်တာ ၄ မိုင်မှ မိုးရွာစဉ် မိုင်ဝက်ခန့်ရှိနိုင်ပြီး ရေပြင်လေမှာ တောင်(သို့)အရှေ့တောင်မှ တစ်နာရီလျှင် ပင်လယ်မိုင် ၁၅ မှ ၂၀ မိုင် တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်၍ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၅ ပေခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါပင်လယ်ပြင် မိုးလေဝသခန့်မှန်းချက်များကို သင်္ဘောများ၊ တံငါသည်များအတွက် အဓိကထား၍ ထုတ်ပြန်ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကို ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းဦးစီးဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာဦးစီးဌာနများမှတစ်ဆင့် ပင်လယ်ပြင်တွင် သွားလာနေကြသော လှေ၊ သင်္ဘာများကို ပြန်လည်အကြောင်း ကြားပေးခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး ကရှင်းပြသည်။

"ဆိုးဝါးတဲ့ ရာသီဥတုအခြေအနေရှိတယ်ဆို အနီးစပ်ဆုံး ကမ်းကိုပြန်လာဖို့အတွက် ထုတ်ပြန်ပေးတယ်။ ဆိုးဝါးတဲ့ ရာသီဥတုကို သတိပြုနိုင်ဖို့အတွက် ပင်လယ်ပြင်မိုးလေဝသ ခန့်မှန်းခြင်းကို ထုတ်ပေးတာပါ" ဟု ၎င်းက ထပ်မံပြောကြားသည်။

နောက်နှစ်ရက်အထိ မိုးလေဝသခန့်မှန်းချက်အရ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

J-02