News

POST TYPE

POPULAR POST

ပခုက္ကူ သီဟိုဠ်ရှင် ဘုရားရှေ့တွင် ရေမြောင်းတူးရာမှ မြေအောက်လိုဏ်တစ်ခုတွေ့
05-Aug-2020


ချောက်၊ သြဂုတ် ၄

မကွေးတိုင်း ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်ဘုရား၏ တောင်ဘက်မုခ်အနီး ရေသွင်းကန် အရှေ့ဘက်လမ်းတွင် စည်ပင်က မြေတူးစက်များဖြင့် ရေမြောင်းတူးဖော်ရာနေရာ၌ သြဂုတ်လ ၄ ရက် နံနက် ၉ နာရီ ခွဲအချိန်ခန့်က လိုဏ်တစ်ခုတွေ့ရှိသည်ဟု ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

"ရှစ်ပေ၊ လေးပေခွဲလောက်ရှိတဲ့ အခန်းလေးခန်းတွေ့တယ်။ အမြင့်ကတော့ ကိုးပေလောက်တွေပေါ့။ အဲဒါကိုမှ နှစ်ပေခွဲလောက်ရှိတဲ့ မုခ်လေးတွေနဲ့ ဆက်ထားတာ။ အခန်းလွတ်ပုံစံပဲ အောက်ထဲမှာ ဘာမှတော့မတွေ့ရဘူး" ဟု ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က ပြောကြားသည်။

ယင်းလိုဏ်သည် မည်သည့်ခေတ်က ဖြစ်သည်ကို အတိအကျပြောနိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း၊ လှိုဏ်အတွင်းသို့ မွန်းလွဲပိုင်းက ဆင်းကြည့်နေစဉ် မိုးရွာသွန်းပြီး ရေအနည်းငယ်ဝင်လာသဖြင့် စစ်ဆေးမှုကို ဆိုင်းငံ့ထားပြီး မိုးတိတ်မှသာ ထပ်ဆင်းကြည့်ရမည်ဟု မကွေးတိုင်း ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါနေရာသို့ မကွေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးလျက်ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။ 

R-11