News

POST TYPE

POPULAR POST

ကွမ်းခြံကုန်းတွင် ကျပ်ဘီလီယံ ၈၀ နီးပါးတန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိ
02-Aug-2020


ရန်ကုန်၊ သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံ ကုန်း မြို့နယ်တွင် ဇူလိုင်လ ၃၁ ရက် ညပိုင်း က ကျပ်ဘီလီယံ ၈၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းမင်းထံမှ သိရသည်။ 

“တစ်ယောက်ကို အခင်းဖြစ်ညမှာ ဖမ်းမိတယ်။ နောက်တစ်ယောက်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ထဲမှာ ဖမ်းမိတယ်” ဟု ဦးအောင်မင်းမင်းက ပြောကြားသည်။

အဆိုပါ ICE အမျိုးအစား မူးယစ်ဆေးဝါးများကို ကွမ်းခြံကုန်းမြို့နယ်၊ ဆယ်အိမ်တန်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ပြီး Speed Boat ပေါ်ရှိ ပီနံအိတ်များကို မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်နေချိန် ရွာသူရွာသားများက မသင်္ကာသဖြင့် မေးမြန်းစစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“ကားက နွံနစ်နေလို့ ရွာသားတွေက သွားကြည့်တာ။ ကားတံခါးမဖွင့်ပေးတာကြောင့် မသင်္ကာလို့ လက်ခုပ်ကုန်းရဲစခန်းကို ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ သက်ဆိုင်ရာက လာရောက် စစ်ဆေးတော့မှ ကားပေါ်မှာရှိတဲ့ ပီနံအိတ်တွေထဲက ICE မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တာ” ဟု တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းက ရှင်းပြသည်။

ယင်းညတွင် ပြစ်မှုကျူးလွန်သူသုံးဦးမှ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လွတ်မြောက်သွားသူ နှစ်ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁ ရက် မွန်းလွဲ ပိုင်းတွင် နောက်တစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိခဲ့သည့် ICE မူးယစ်ဆေးဝါးများမှာ အလေးချိန် ၁၀၀၀ ကီလိုဂရမ်ခန့်ရှိပြီး ဒေသကာလပေါက်ဈေးမှာ တစ်ကီလိုဂရမ်လျှင် ကျပ်သိန်း ၈၀၀ ရှိကြောင်းနှင့် အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကွင်းဆက်တရားခံများကို ထပ်မံဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03