News

POST TYPE

POPULAR POST

ဖာပွန်တွင် အမျိုးသမီးတစ်ဦးကို ပစ္စည်းလုယက် ပစ်သတ်မှုကျူးလွန်ခဲ့သည့် စစ်သည် ၂ ဦးကို စစ်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်ချမှတ်
02-Aug-2020


ရန်ကုန်၊ သြဂုတ် ၁

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးကို တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးကို စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးသည် ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်တွင် ပိုလိုထကျေးရွာအုပ်ချုပ်ရေးမှူး ၏ ဇနီးဒေါ်မုနော်ထံမှ ပစ္စည်းလုယက်မှုအပြင် လူကိုသေစေသည်အထိ ပြစ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်အနေနှင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။

ယင်းတပ်မတော်သားနှစ်ဦးကို ဇူလိုင် ၂၉ ရက်တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သည့် တပ်သားသန်းစိုးလွင်နှင့် ဟိန်းမင်းထက် တို့သည် ဇူလိုင် ၁၇ ရက်တွင် ပြန်လည်အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အသေးစိတ်ကို စိစစ်ဖော်ထုတ်ချက်အရ ပိုလိုထကျေးရွာနှင့် ၎င်းနယ်မြေတစ်ဝိုက်ရှိ တပ်စခန်းတစ်ခုမှ တပ်သားအဆင့်ရှိ သန်းစိုးလွင်နှင့် ဟိန်းမင်း ထက်တို့ ၂ ဦးသည် ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းတွင် စခန်းမှ ခွင့်ပြုချက် မရဘဲ လက်နက်ငယ် ၂ လက်နှင့်အတူ ပိုလိုထကျေးရွာသို့ ရောက်ရှိပြီး ရွာသား ၃ ဦးနှင့်အတူ ရွာတွင်းရှိ အရက်ပုန်း ဆိုင်တွင် အရက်အတူသောက်ခဲ့ကြ ကြောင်း၊ အရက်သောက်ပြီးနောက် ရွာသားများနှင့် လမ်းခွဲကာရွာမှ စခန်းသို့ ပြန်လာစဉ် အမူးလွန်သည့် စစ်သည် ၂ ဦးအနက် တပ်သားသန်းစိုးလွင်မှ အရက် ဆိုင်ရှင် အမျိုးသမီး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးကို မတော်မတရားရယူရန် ရည်ရွယ်ချက်ဖြင့် ရွာတွင်း ပြန်လည်ရောက်ရှိလာခဲ့သည်။

အရက်ဆိုင်သို့ နေ့လယ်ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ဆွဲကြိုးကို လုယက်၍ ဆိုင်ရှင် အမျိုးသမီးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ၎င်းကိုင်ဆောင်သော သေနတ်မှ ကျည်ပေါက်ထွက်ပြီးနောက် ဆိုင်ရှင် အမျိုးသမီး၏ ဦးခေါင်းနောက်ပိုင်းနှင့် နောက်ကျောနေရာအား ကျည်ထိမှန်လျက် နေရာတွင်ပင် လဲကျသေဆုံးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါစစ်သည် ၂ ဦးမှာ ကြောက်လန့်၍ ရွာနှင့် စခန်းကြား တောတွင်းသို့ ထွက်ပြေး ပုန်းရှောင်ရာမှ ဇူလိုင်လ ၁၇ ရက်တွင် စခန်းရှိရာသို့ ပြန်လည် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တပ်မတော်၏ စစ်တရားရုံး ဖြင့် စစ်ဆေးဆောင်ရွက်ရာသို့ ဘီးလင်း မြို့နယ်၊ ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းပီး၊ ရင်းအုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းဦး၊ ဒညင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်းကျေးရွာ အုပ်ချုပ် ရေးမှူး ဦးကြည်ဆွဲတို့အပါအဝင် အခြား ရပ်မိရပ်ဖ ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်း တပ်မတော်သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

S-04