News

POST TYPE

POPULAR POST

တပ်မဲရုံစုစုပေါင်း ၆၃၂ ရုံ ရွေး/ကော် သတ်မှတ်
01-Aug-2020

ရန်ကုန်၊ သြဂုတ် ၁


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ မဲပေးနိုင်ရန် မဲရုံပေါင်း ၆၃၂ ရုံသတ်မှတ်ပေးထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။


မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက တပ်ရင်းတပ်ဖွဲ့မဲရုံနေရာများ လျာထားသတ်မှတ်ရာတွင် သက်ဆိုင်ရာရွေးကောက်ပွဲ နည်းဥပဒေပါ ၃၉(က)နှင့်အညီ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ လွတ်လပ်စွာဝင်ထွက်သွားလာနိုင်ရန်အတွက် ထိုတပ်ရင်းတပ်ဖွဲ့၏ ပြင်ပနေရာများတွင် သတ်မှတ်ပေးထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


“တပ်မတော်သားများကို ဘယ်ပါတီကိုမဲပေးပါ၊ ဘယ်ပါတီကို မပေးပါနဲ့ဆိုပြီး ကန့်သတ်ချက်မရှိပါဘူး။ လွတ်လပ်စွာမဲပေးပိုင်ခွင့် ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေအနေနဲ့က တပ်အတွင်းဝင်ရောက်ပြီး မဲဆွယ်စည်းရုံးတာတော့ မဖြစ်နိုင်ဘူး။ အဓိကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတယ်။ ပြည်သူလူထုတွေအားလုံး မဲပေးနိုင်ဖို့ အရေးကြီးတယ်။ တပ်မတော်အနေနဲ့ ကူညီနိုင်တာမှန်သမျှ ကူညီဆောင်ရွက်သွားမှာပါ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဇွန်လ ၂၃ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း လေးသောင်းကျော် လျာထားကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄ ဒသမ ၃ သန်း ခန့်ရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၉၂ ပါတီရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်းရုံးယှဉ်ပြိုင်မည့်ပါတီ ၇၆ ပါတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအတွင်း စည်းရုံးယှဉ်ပြိုင်မည့်ပါတီ ၁၈ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။


S -08