News

POST TYPE

POPULAR POST

နိုင်ငံရေးပါတီများ နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုများတွင် ထည့်သွင်းဟောပြောနိုင်ကြောင်း ကြေညာ
01-Aug-2020

ရန်ကုန်၊ သြဂုတ် ၁


နိုင်ငံရေးပါတီများအနေနှင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆွယ်ရန်အလိုငှာ ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များအား နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ဟောပြောခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။


စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၆ ရက်နေ့အထိ ခွင့်ပြုပေးနိုင်ရန် စီစဉ်ထားကြောင်း၊ နိုင်ငံရေးပါတီများအနေနှင့် ဟောပြောခွင့်တင်ပြလိုလျှင် သက်ဆိုင်ရာပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၂ ရက်နေ့ နောက်ဆုံးထားကာ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ ဟောပြောစည်းရုံးမည့် ပုဂ္ဂိုလ် အမည်၊ တာဝန်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကိုဖော်ပြကာ လျှောက်ထားရမည်ဖြစ်သည်။


ဆွေးနွေးဟောပြောမည့် ပါတီများအနေနှင့် လျှောက်ထားသည့်စာမူများကို Pyidaungsu Font Size 13 ဖြင့် A4 အရွယ်အစား စက္ကူ ၇ မျက်နှာထက်မပိုစေရဘဲ ပါတီ၏ တေးသီချင်း(ရုပ်/သံ)ထည့်သွင်းလိုပါက အခွေ ၂ ခွေနှင့်အတူ ပေးပို့ရမည်ဖြစ်ကြောင်း၊ ဟောပြောခွင့်လျှောက်ထားသည့် ပါတီများအား အဆင်ပြေစွာ အလှည့်ကျဟောပြောနိုင်စေရန် နေ့ရက်နှင့် အချိန်ဇယားကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။


ယင်းအစီအစဉ်တွင် ပါဝင်လိုခြင်းမရှိပါက မရှိပါကြောင်း အကြောင်းကြားစာပေးပို့ရမည်ဖြစ်ပြီး ဟောပြောစည်းရုံးမည့် ပါတီများအနေနှင့် ၎င်းတို့စည်းရုံးမည့်စာမူကို လိုအပ်သလိုစိစစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးကာ နေ့ရက်နှင့် အချိန်ဇယား၊ အချိန်အပိုင်းအခြားဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ဟောပြောရာတွင် ၁၅ မိနစ်အထိ ခွင့်ပြုပေးထားပြီး ပါတီသီချင်းထုတ်လွှင့်လိုပါက ယင်း ၁၅ မိနစ်အတွင်းသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ဟောပြောစည်းရုံးမှုကို မြန်မာဘာသာဖြင့်လည်းကောင်း၊ တိုင်းရင်းသားဘာဘာဖြင့်လည်းကောင်း ဟောပြောစည်းရုံးနိုင်သည်ဟု ဆိုသည်။


ယင်းသို့ဟောပြောရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ ထိခိုက်စေသည့် ဟောပြောမှုများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိသော ဟောပြောမှုများ၊ နိုင်ငံတော်အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောမှုများ၊ တပ်မတော်ပြိုကွဲရေး သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်စေသည့် ဟောပြောမှုများ၊ လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း၊ လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှုများ၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်စေသည့် ဟောပြောမှုများ၊ နိုင်ငံဝန်ထမ်းများအား တာဝန်ကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆောင်ဟောပြောမှုများကို တားမြစ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


S -08