News

POST TYPE

POPULAR POST

လုပ်ငန်းရှင်များ အမှန်တင်ပို့၊ တင်သွင်းနိုင်မည့်ပမာဏကိုသာ လိုင်စင်လျှောက်ထားရန်အသိပေး
01-Aug-2020

ရန်ကုန်၊ ဩဂုတ် ၁


Transit Trade စနစ်ဖြင့် တင်ပို့ တင်သွင်းရန်ခွင့်ပြုထားသည့် လိုင်စင်များ၏ သက်တမ်းကာလအတွင်း အမှန်တင်ပို့ တင်သွင်းနိုင်မည့်ပမာဏကိုသာ လိုင်စင်လျှောက်ထားရန် ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားကြောင်း သိရသည်။


Transit Trade စနစ်ဖြင့်ခွင့်ပြုထားသည့် ပို့ကုန်သွင်းကုန်လိုင်စင်များ၏ ခွင့်ပြုသက်တမ်းခြောက်လအတွင်း အမှန်တင်ပို့ တင်သွင်းနိုင်ခြင်းမရှိသည့် ကိစ္စများအပေါ် ဖြေလျှော့မှုအနေနှင့် လိုင်စင်တွင်ကျန်ရှိသည့် ကုန်ပစ္စည်းတန်ဖိုးကို ပြင်ဆင်ခြင်း၊ ပိတ်သိမ်းခြင်းများပြုလုပ်ပေးပြီး မူလလျှောက်ထားသည့် လိုင်စင်ပါ ကုန်ပစ္စည်း၊ ရောင်းသူ၊ ဝယ်သူမပြောင်းလဲဘဲ ထပ်မံလျှောက်ထားလာပါက ကြိုတင်ပေးသွင်းထားသည့် ဝန်ဆောင်ခနှင့် ဖြတ်သန်းခများကို ထပ်မံကောက်ခံခြင်းမရှိဘဲ လိုင်စင်အသစ်များ အစားထိုးခွင့်ပြုထုတ်ပေးခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။


အထက်ပါကိစ္စကို ဆက်လက်ခွင့်ပြုပါက ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ စာရင်းရှင်းလင်းရာတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်ပြီး သတ်မှတ်ထားသည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုင်စင်လက်ကျန်များကို မူလပေးသွင်းထားသည့် ဝန်ဆောင်ခ၊ ဖြတ်သန်းခနှင့်ခုနှိမ်၍ လိုင်စင်အသစ် အစားထိုးလျှောက်ထားခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။


Export၊ Import (တင်ပို့၊ တင်သွင်းသူ) လုပ်ငန်းရှင်များအနေနှင့် မိမိတို့တင်ပို့၊ တင်သွင်းမည့်ကိစ္စများအပေါ် အမှန်တကယ် တင်ပို့ တင်သွင်းနိုင်မည့် ပမာဏကိုသာ စိစစ်တွက်ချက်၍ လိုင်စင်လျှောက်ထားရယူကြရန် ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာထားခြင်းဖြစ်သည်။


S-07