News

POST TYPE

POPULAR POST

စာစစ်ကမထုတ်ပြန်မီ ကျောင်းအလိုက်အောင်ချက်ရာနှုန်းများ မထုတ်ပြန်ရန်ညွှန်ကြား
01-Aug-2020
ရန်ကုန်၊ ဩဂုတ် ၁

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိပြီးပါက ကျောင်းအလိုက်အောင်ချက်ရာခိုင်နှုန်းများကို တွက်ချက်၍ ကြေညာခြင်းမပြုလုပ်ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်များသို့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းများကို သက်ဆိုင်ရာ တက္ကသိုလ်များကပေးပို့သွားမည်ဖြစ်ပြီး ကျောင်းအလိုက် အောင်ချက်ရာခိုင်နှုန်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်မည်ဖြစ်သည့်အတွက် အခြေခံပညာကျောင်းအုပ်ကြီးများအနေနှင့် မိမိတို့အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းများကို တွက်ချက်၍ ကြေညာခွင့်မရှိကြောင်း ညွှန်ကြားထားခြင်း ဖြစ်သည်။

စာမေးပွဲအောင်ချက်ရာခိုင်နှုန်းများကို တရားဝင်အတည်ပြုပြီးမှသာ ကျောင်းအလိုက်ဆက်လက်ကြေညာ ဆောင်ရွက်သွားရန်နှင့် ယင်းညွှန်ကြားချက်ကို အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲအလိုက် လိုက်နာဆောင်ရွက်သွားရမည်ဖြစ်သည်။

ယခုနှစ်သည် ကပ်ရောဂါဖြစ်ပွားသည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သတ်မှတ်ရက်တွင် ကြေညာရာ၌ ယခင်နှစ်များကကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် လုံးဝကပ်ထားခြင်းမပြုလုပ်ဘဲ ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်များတွင် ဩဂုတ်လ ၉ ရက်နေ့၌ ထုတ်ပြန်ကြေညာခွင့်ပြုရန် ပညာရေးဝန်ကြီးဌာနက အစိုးရအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်များအပြင် သတင်းစာ၊ ရုပ်မြင်သံကြား အစီအစဉ်တို့မှတစ်ဆင့် အသိပေးထုတ်ပြန်မည်ဖြစ်ပြီး အောင်စာရင်းများကို ကျောင်းများသို့ အီးမေးလ်ဖြင့် ပေးပို့သွားမည်ရာ လာရောက်ကြည့်ရှုသူများသည် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေစီခြားကာ တန်းစီစေရေးတို့ကို ကျောင်းအလိုက်ဆောင်ရွက်ရမည်ဖြစ်သည်။

၂၀၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းကျော် ဖြေဆိုထားပြီး ပျက်ကွက်သူ ခြောက်သောင်းကျော်ရှိခဲ့သည်။

S-09