News

POST TYPE

POPULAR POST

ပဲခူးမြို့တွင် ပိုးတွေ့လူနာသစ်တွေ့
03-Jul-2020
ကလိဆေးရုံကြီး၌ ပိုးတွေ့လူနာအတွက် ပြင်ဆင်ထားသည်ကို တွေ့ရစဉ်။

‌တောင်ငူ၊ ဇူလိုင် ၂

ပဲခူးဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံနေသူတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၂ ရက်နေ့နံနက် ၈ နာရီခန့်တွင် ထုတ်ပြန်ခဲ့ရာ ယင်းလူနာအမျိုးသားကို ကလိဆေးရုံ(ပဲခူးတိုင်းဆေးရုံ)တွင် အထူးကြပ်မတ်ကုသပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်းက ပြောကြားသည်။

“ကလိဆေးရုံကြီးက ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူတွေကုသဖို့ ပြင်ဆင်ထားတာ။ ကနေ့လူနာကိုလည်း ကလိမှာကုသမှုခံယူစေမှာပါ။ တစ်ပြိုင်တည်း စစ်ဆေးခဲ့တဲ့သူ့ရဲ့မိဘနှစ်ဦးက ပိုးမတွေ့ပေမယ့်လည်းစောင့်ကြည့်သွားပါမယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုရိုနာ‌ဗိုင်းရပ်စ်ရောဂါ ပိုးတွေ့လူနာမှာ အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မိသားစုနှင့်အတူ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေရာမှ ဇွန်လ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့်အတွက် ပဲခူးမြို့နယ်  အသောက်စောင့်ကြည့်စခန်းတွင် အသွားအလာ ထိန်းချုပ်ကန့်သတ်ခံထားရသူ ဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ဖျားနာလာ ခြင်းဖြစ်သည်ဟု ပဲခူးတိုင်းကျန်းမာရေး ဦးစီးဌာနထံမှသိရသည်။

အဆိုပါ လူနာအမျိုးသားသည် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် လူနာ ၃၀၄ ဦးမြောက်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ၉ ဦးမြောက် ပိုးတွေ့ လူနာဖြစ်သည်။  

ပဲခူးတိုင်းအတွင်းရှိ Facility Quarantine စခန်း ၂၃၄ ခုရှိပြီး ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား ၃၃၀၉ ဦးထားရှိကာ ဆေးရုံ၌ သံသယလူနာတစ်ဦး နှင့်ရောဂါပိုးတွေ့ရှိသဖြင့် ကလိဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသူတစ်ဦး ရှိနေသည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ 

R-02