News

POST TYPE

POPULAR POST

မှတ်ပုံတင်မထားသည့် ဆင်းမ်ကတ် ၁၁ သန်းကျော်ရှိ၊ မှတ်ပုံမတင်သည့် ဆင်းမ်ကတ်များ စပိတ်
02-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁ 

မှတ်ပုံမတင်သည့် ဆင်းမ်ကတ်များကို ဇူလိုင်လ ၁ ရက်နေ့ကစ၍ ပိတ်နေ ပြီဖြစ်ရာ ပိတ်လိုက်သည့်ဆင်းမ်ကတ်များအနေနှင့် ပြန်လည်အသုံးပြုခွင့်မရှိတော့ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့အထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်မထားသည့် ဆင်းမ်ကတ်အရေအတွက် ၁၁ သန်းခွဲကျော် ရှိနေကြောင်း သိရသည်။

“မနေ့ကထိ မှတ်ပုံတင်ခွင့်ပေးထားတယ်၊ ဒီနေ့ကနေ စပိတ်မယ်၊ အဝင်ရော အထွက်ရော အကုန်ပိတ်ချမယ်။ ဒီနံပါတ်တွေ ထပ်မှတ်ပုံတင်လို့လည်း မရတော့ဘူး အပြီးပိတ်လိုက်မှာ ဖြစ်ပါတယ်။ စာရင်းအတိအကျကိုတော့ မနက်ဖြန် သန်ဘက်ခါလောက်မှ သိရမယ်။ အော်ပရေတာတွေကတော့ စပိတ်နေပြီ” ဟု ဦးမျိုးဆွေက ရှင်းပြသည်။

ယခင်က စာချုပ်စာတမ်းဖြင့် ဝယ်ထားသည့် ဆင်းမ်ကတ်များကိုလည်း မှတ်ပုံတင်ထားခြင်း ရှိမရှိ၊ မှန်ကန်မှုရှိမရှိ စစ်ဆေးရမည်ဖြစ်ပြီး မိမိအမည်၊ မှတ်ပုံတင်နံပါတ်တို့ဖြင့် လုပ်ဆောင်ထားသူများအနေနှင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ထပ်မံပြုလုပ်ရန် မလိုအပ်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“မှတ်ပုံမတင်ခင် ဖုန်းဆက်ရင် အဝင်ကော အထွက်ကော သိပ်မကောင်းပေမယ့် ပိတ်တာတော့ မရှိဘူး။ တခါတလေ ပြောနေရင်း ပြုတ်ကျတာ ရှိတယ်။ ဒါနဲ့ မနေ့က နောက်ဆုံးရက်မှာ မှတ်ပုံတင်လိုက်တယ်။ သေသေချာချာတော့ လုပ်စေချင်တယ်” ဟု ပြည်သူတစ်ဦးဖြစ်သည့် မဇင်ဇင်က ပြောဆိုသည်။

လက်ရှိတွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းပိတ်လိုက်သည့်အတွက် မှတ်ပုံမတင်လိုက်ရသည့် ဆင်းမ်ကတ် အားလုံးကို ဇူလိုင်လ ၁ ရက်နေ့ကစ၍ ပိတ်သိမ်းနေပြီဖြစ်သည်။

ဆက်သွယ်ရေး အော်ပရေတာ များ၊ အရောင်းဆိုင်များ၊ ကိုယ်တိုင်သုံးစွဲ သူများအနေနှင့် သက်ဆိုင်ရာဌာများက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ဈေးကွက်အတွင်း မှန်မှန်ကန်ကန် မှတ်ပုံမတင်ထားခြင်း မရှိသည့် ဆင်းမ်ကတ်များ အများအပြားရှိနေသေးသည်။ 

သိင်္ဂီ (VOM)