News

POST TYPE

POPULAR POST

ပုပ္ပားတောင်ကလပ် ယနေ့ပြန်ဖွင့်
01-Jul-2020
ဓာတ်ပုံ-နေနိုင်

 မိတ္ထီလာ၊ ဇွန် ၃၀

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်ကို ဇူလိုင်လ ၁ ရက် (ယနေ့) ပြန်ဖွင့်မည်ဖြစ်ပြီး COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် ချမှတ်ထားသော စည်းကမ်းများနှင့်အညီ ဘုရားဖူးဧည့်သည်များကို လာရောက်ခွင့်ပြု မည်ဖြစ်ကြောင်း ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသာအေးက ပြောကြားသည်။

ပုပ္ပားတောင်ကလပ်သို့ ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ဧည့်သည်ဝင်ရောက်မှုရပ်ဆိုင်းသွားခဲ့ပြီး COVID-19 ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တောင်ကလပ်ကို ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့နယ်မြေထဲက ပုဂံညောင်ဦးကိုတော့ ဖွင့်ပြီးသား။ ကျွန်တော်တို့က မနက်ဖြန်မှဖွင့်မယ်။ တောင်တော် တက်တဲ့ဧည့်သည်ကို အမည်၊ နေရပ်၊ ဖုန်းနံပါတ် စာရင်းယူမယ်။ လက်ဆေးရေလုပ်ပေးမယ်။ Mask စစ်မယ်။ မပါရင်  တစ်ရာလောက်နဲ့ရောင်းမယ်။ လူဦးရေကများတော့ အလကားမပေးနိုင်ဘူးဗျ။ တစ်နေ့ကို ရာချီထောင်ချီတက်မှာကိုး”ဟု ဦးသာအေးက ရှင်းပြသည်။

ပုပ္ပားတောင်ကလပ်ကို လနှင့်ချီ၍ ပိတ်ထားခဲ့ရသောကြောင့် ဝန်ထမ်း ၁၆ ဦးသာမက တောင်ကိုမှီ၍ စီးပွားရေးလုပ်ကိုင်နေသော ဒေသခံမိသားစုဝင် လူဦးရေသုံးရာနီးပါးခန့် စားဝတ်နေရေးအခက်အခဲများစွာ ကြုံခဲ့ရကြာင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"တောင်ကလပ်စောင်းတန်းနှစ်ခုဖြစ်တဲ့ ပတ္တမြားစောင်းတန်းနဲ့ ဆင်နှစ်ကောင်စောင်းတန်းမှာ ဝန်ထမ်းတွေချထားမယ်။ အဲဒီကနေပြီးတော့ ဘုရားဖူးလာတဲ့သူတွေကို မှတ်တမ်းတင်ပြီးတော့ တက်ရောက် ဖူးမြော်ခွင့်ပြုပါမယ်" ဟုတောင်ကလပ် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးဌေးမြင့်က ဖြည့်စွက်ပြောဆိုသည်။

လူစုလူဝေးမဖြစ်စေရန် လူအင်အားကို အတတ်နိုင်ဆုံးလျှော့ချသည့်အနေနှင့် မျောက်စာရောင်းချသူ ဈေးသည်များကို ယခင်က တစ်ရက်လျှင် ဈေးသည် ၁၂ ဦး ရောင်းချခွင့်ပြုထားခဲ့သော်လည်း ယခုတွင်ဈေးသည်ခြောက်ဦးသာ ရောင်းချရန် ခွင့်ပြုထားကြောင်း၊ ဘုရားဖူးများကို နံနက်  ၆ နာရီမှ ညနေ ၅ နာရီအထိတောင် တော်ပေါ်တက်၍ ဘုရားဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း၊ တောင်တော်ပေါ်ရှိ ဈေးဆိုင်ခန်းများကိုလည်း သတ်မှတ်စည်းကမ်းနှင့်အညီ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း ယင်းတောင်ကလပ် ဂေါပကအဖွဲ့ထံမှ ထပ်မံသိရသည်။

အိမ်ခြေ ၂၄၀၊ လူဦးရေ ၂၀ဝ၀ ကျော်ရှိသော ပုပ္ပားတောင်ကလပ်ကျေးရွာတွင် သီးနှံစိုက်ပျိုးရန်မြေနေရာ မရှိ၍ ကျေးရွာဒေသခံအများစုမှာ ဘုရားဖူးဧည့်သည်များကို ပန်း၊ ကန်တော့ပွဲနှင့် မျောက်စာရောင်းချသော အလုပ်ဖြင့် အသက်မွေးရကြောင်း ဒေသခံလူထုထံမှ စုံစမ်းသိရှိရသည်။                                   

အပူပိုင်းဒေသအတွင်း စိမ်းလန်းစိုပြည်သော အိုအေစစ်တစ်ခုအသွင်ဖြစ်တည်နေသော ပုပ္ပားတောင်မကြီးနှင့် တောင် ကလပ်ဝန်းကျင်ဒေသသည် ဇီဝမျိုးစုံမျိုး ကွဲများတည်ရှိမှု၊ သဘာဝရေထွက်စမ်း များတည်ရှိမှု၊ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သုတေသနစီမံကိန်းများ ဆောင်ရွက်နေမှု၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် အလားအလာကောင်းများရှိ နေမှုများကြောင့် ယူနက်စကိုက ကမ္ဘာ့ဘူမိ ဥယျာဉ်အဖြစ် အဆိုပြုထားရာဒေသတစ်ခုလည်း ဖြစ်သည်။       

R-01, R-11