News

POST TYPE

POPULAR POST

နေပြည်တော်အတွက် ဟောင်ကောင် - ဘေဂျင်း သင်ခန်းစာ
01-Jul-2020
လတ်တလောကမ္ဘာ့နိုင်ငံရေးတွင် ဒီမိုကရေစီနိုင်ငံကြီးအတော်များများ စိတ်ဝင်တစားစောင့်ကြည့်နေသည့် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်ပြည်မကြီး (ဘေဂျင်း) က၎င်း၏ တစ်သွေး တစ်သံ တစ်မိန့် စနစ်ကျင့်သုံးသော လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သည်ဟု သိရပါသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(အီးယူ)အပါအဝင် ကမ္ဘာ့နိုင်ငံများက ရှေ့မဆက်ရန် သတိပေးတိုက်တွန်းထားသည့် ဥပဒေကို တရုတ်နိုင်ငံက အတည်ပြုလိုက်ခြင်းလည်းဖြစ်ပေသည်။ ဟောင်ကောင်ပြည်တွင်း၌လည်း ဆူပူအုံကြွ ဆန္ဒပြမှုအမျိုးမျိုးဖြင့်ကန့်ကွက်၊ ပြည်ပ၌လည်းကန့်ကွက်မှုများစွာရှိသည့် ဥပဒေတစ်ရပ် အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် ဘာတွေဆက်ဖြစ်လာမလဲ ဆိုသည်မှာ လွန်စွာစိတ်ဝင်စားစရာပင်။ 

ဟောင်ကောင်၏ အခြေခံဒီမိုကရေစီနှင့် လွတ်လပ်ခွင့်တို့ ထိပါးဆုံးရှုံးနိုင်သည့် ဥပဒေဖြစ်သောကြောင့် ဒီမိုကရေစီနိုင်ငံများက စိုးရိမ်မကင်းဖြစ်ခဲ့ကြသည်မှာမှန်သော်လည်း တရုတ်ပြည်မကြီး၏အမြင်တွင် ဟောင်ကောင်အရေးသည် သူ၏ ပြည်တွင်းရေးကိစ္စဖြစ်နေပေသည်။ ယင်းဥပဒေသစ်ကိစ္စနှင့်ပတ်သက်၍ ဝေဖန်သူကန့်ကွက်သူမှန်သမျှသည် တရုတ်ပြည်မကြီး၏ မျက်စိထဲတွင် သူတစ်ပါးပြည်တွင်းရေး ဝင်စွက်သူများပင်။ 

ဟောင်ကောင်အရေးနှင့်ဆက်စပ်ပြီး မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ကြည့်မည်ဆိုလျှင် ယမန်နှစ်က ထူးထူးခြားခြား မှတ်ချက်ပေးပြောဆိုမှုတစ်ခုရှိခဲ့သည်ကိုတွေ့ရပေသည်။ ထိုစဉ်က တရုတ်သံအမတ်ကြီးနှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဟောင်ကောင်တွင်ဖြစ်ပေါ်နေခဲ့သည့် ဆန္ဒပြပွဲများ နှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအနေနှင့် တရုတ်ပြည်မကြီး(ဘေဂျင်း)ဘက်မှ ရပ်တည်ထောက်ခံကြောင်း အသိပေးပြောဆိုခဲ့ပေသည်။  

ပြည်ပနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုသော မူဝါဒအားနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီး အခြားတိုင်းပြည်များ၏ ပြည်တွင်းရေးကိစ္စများအပေါ် ထင်မြင်သုံးသပ်ချက်ပေးခြင်း အလွန်တရာနည်းပါးခဲ့သော မြန်မာနိုင်ငံတော်အစိုးရ၏ ထူးခြားသော ရပ်တည်ချက်လည်းဖြစ်ခဲ့ပေသည်။ ပို၍စိတ်ဝင်စားစရာကောင်းသည်မှာ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေသည့် နိုင်ငံတစ်နိုင်ငံအနေနှင့် ဟောင်ကောင်အရေးတွင် ပြည်မကြီးဘက်မှ ရပ်တည်ခဲ့သည့်အချက်ပင် ဖြစ်သည်။ 

သို့သော် တစ်ဖက်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အသက်တမျှအရေးပါသည့် ပြည်တွင်းစစ်အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် အိမ်နီးချင်းတရုတ်ပြည်မကြီး၏ အခန်းကဏ္ဍသည် ကြီးမားသည့်နေရာမှ ပါဝင်လျက်ရှိနေရာ မြန်မာ၏ ရပ်တည်ချက်သည် နိုင်ငံရေးအရများစွာ အဓိပ္ပာယ်ရှိလှပေသည်။ 

အခြားတစ်ဖက်ကိုကြည့်မည်ဆိုပြန်လျှင်လည်း လက်ရှိအသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်သည် အခွင့်အလမ်းထက် စိန်ခေါ်မှုကပိုမိုများပြားလာသည့် အနေအထားတွင်ရှိရာ မြန်မာနိုင်ငံအနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဥရောပသမဂ္ဂ(အီးယူ)အစရှိသည့်နိုင်ငံများအကြား ဟန်ချက်မျှသည့် ဆက်ဆံရေးတစ်ရပ်ကို ထိန်းသိမ်းထားရန် အရေးကြီးနေဆဲဖြစ်သည်ကို သတိပြုကြရပေမည်။ 

တစ်နိုင်ငံစနစ်နှစ်မျိုး(One Country Two Systems)ဟု မည်သို့ပင်ခေါ်စေကာမူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏၊ တစ်နည်းအားဖြင့် ကွန်မြူနစ်တရုတ်တို့၏ ဒီမိုကရေစီလက်တွေ့စမ်းသပ်ကွင်းဟု တင်စားခေါ်ဆိုနိုင်သည့် ဟောင်ကောင်ကျွန်းအရေးကိစ္စတွင် ကွန်မြူနစ်ခေါင်းဆောင်တို့သည် ဟောင်ကောင်ကို ဤအတိုင်းဆက်၍ လွှတ်ပေးထားလိုသည့် သဘောဆန္ဒမရှိတော့သည်မှာ ယခု အတည်ပြုလိုက်သည့် ဥပဒေကိုကြည့်လျှင် ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။ 

တစ်ဆက်တည်းပြောရလျှင်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းထားသည့် မြန်မာ့နိုင်ငံရေးအင်အားစုများအနေနှင့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်အကြား အာဏာခွဲဝေမှုပုံစံများကိုလည်းကောင်း၊ ဟောင်ကောင် ဒီမိုကရေစီအင်အားစုများ၏ ဒီမိုကရေစီအရေးနှင့် လွတ်လပ်ခွင့်အတွက် ပြည်မကြီးကို တစ်ဆင့်ချင်းစမ်းသပ်လာသည့် ပုံစံများကိုလည်းကောင်း အနီးကပ်လေ့လာ စောင့်ကြည့်သင့်ပေသည်။ 

မြန်မာနိုင်ငံအနေနှင့်အသွင်ကူးပြောင်းရေးဟူသည့် လမ်းမပေါ်သို့ တက်ရောက် သွားနိုင်ပြီဖြစ်သော်လည်း ဒီမိုကရေစီစံချိန်စံနှုန်းများထွန်းကားသည့် လူ့အဖွဲ့အစည်းနှင့်နိုင်ငံတစ်ရပ်သို့ရောက်ရှိရန် ခရီးရှည်ကြီးမောင်းနှင်ကြရဦးမည်ဖြစ်ရာ ရှေ့ကသွားနေသည့် ဒီမိုကရေစီနိုင်ငံများနှင့် လူ့အဖွဲ့အစည်းများ၏ အဖြစ်သနစ်များကို ကောင်းစွာသင်ခန်းစာယူကာ လမ်းမချော်သွားအောင် သတိကြီးစွာဖြင့် လျှောက်လှမ်းရဦးမည်သာဖြစ်ပေသည်။ 

အယ်ဒီတာ (၃၀ - ၆ - ၂၀၂၀)