News

POST TYPE

POPULAR POST

အိပန်ဆယ်လိုအကောင့်ပိုင်ရှင်ကို Kyaw Gyi Mdy အကောင့်ပိုင်ရှင်က ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်
15-Jun-2020


မိတ္ထီလာ၊ ဇွန် ၁၄

အိပန်ဆယ်လို အကောင့်ပိုင်ရှင်ကို Kyaw Gyi Mdy အကောင့်ပိုင်ရှင်က ဆက်သွယ်ရေးဥပဒေဖြင့် ဇွန်လ ၁၃ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရှိရသည်။

သာစည်မြို့တွင်နေထိုင်သော အမျိုးသားတစ်ဦးအား ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်ပေါ်တွင် ညစ်ညမ်းစွာ ရေးသားပြီး အသရေဖျက်ကာ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်ခဲ့၍ ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သာစည်မြို့ အမှတ် ၄ ရပ်ကွက်တွင်နေထိုင်သူ ဦးကျော်နိုင်ဝင်း (၃၈ နှစ်) သည် သန့်ဇင်အမည်ဖြင့် ရွှေဆိုင်ဖွင့်လှစ်ထားသည့်အပြင် Kyaw Gyi Mdy အမည်ဖြင့် လူမှုကွန်ရက် Facebook အကောင့်ထားပြီး ဂျာနယ်နှင့် မဂ္ဂဇင်းစာအုပ်များ ရေးသားထုတ်ဝေခြင်း၊ နိုင်ငံ အကျိုးပြုစာပေများ၊ ဝေဖန်ရေး ဆောင်းပါးများ ရေးသားလျက်ရှိကြောင်း၊ Kyaw Gyi Mdy အကောင့်ဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ဦးကျော်နိုင်ဝင်းရေး၍ တင်ခဲ့သော Post နှစ်ခုတွင် အိပန်ဆယ်လို အကောင့်အမည်ဖြင့် သုံးစွဲနေသော ရန်ကုန်တိုင်း ရေတာရှည်ရပ်ကွက် ဗဟန်းမြို့နယ်တွင် နေထိုင်သူ မအိမ့်ပိုးဥ (ခ) မအိပန်ဆယ်လိုက "ပြည်သူကို အဆိပ်ခတ်နေကြောင်း၊ ပြောချင်ရာပြောဆောရီးပါ ထလုပ်တဲ့သူကို ဆရာတင်ထားတဲ့ အတန်းအစားဖြစ်ကြောင်း၊ လူရာမဝင်တဲ့သူဖြစ်ကြောင်း၊ ဖာခေါင်းကို မြင်ရသလိုဖြစ်ကြောင်း၊ အရိုးကိုက်ရတာ ဘဝင်ထင်မနေနဲ့" ဟု တုံ့ပြန်ခဲ့ပြီး ခွေးနှင့်ခိုင်းနှိုင်းခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မအိမ့်ပိုးဥ (ခ) မပန်ဆယ်လို (၂၉ နှစ်) ကို သာစည်မြို့မရဲစခန်းက (ပ) ၂၅၆/ ၂၀၂၀ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။       

R-01