News

POST TYPE

POPULAR POST

PPTT သင်တန်းအောင်စာရင်း ထုတ်ပြန်ရန်နှင့် သင်တန်းဖွင့်လှစ်ရန် တင်ပြ
15-Jun-2020
ရန်ကုန်၊ ဇွန် ၁၄

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) ကို အောင်စာရင်းထုတ်ပြန်ရန်နှင့် သင်တန်းဖွင့်လှစ်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် COVID-19 အရေးပေါ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံ တင်ပြထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းနုက ပြောကြားသည်။

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားသည့်အခြေအနေများကြောင့် အောင်စာရင်းထုတ်ပြန်ရန်ပင် နှစ်လကျော် အထိနောက်ကျနေပြီး သင်တန်းဖွင့်လှစ်ရန်အတွက်လည်း အထက်ပါကော်မတီထံသို့ ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ဖွင့်လှစ်ရန်အတွက် စီမံချက်ရေးဆွဲတင်ပြထားခြင်းဖြစ်သည်။

"ကျွန်မတို့ သင်တန်းဖွင့်ဖို့အတွက် စီမံချက်တင်ထားပါတယ်။ ပြန်မကျသေးတဲ့အတွက် အောင်စာရင်းထွက်မယ့်ရက်ရယ် သင်တန်းဖွင့်မယ့်ရက်ကို ပြောလို့မရသေးဘူးဖြစ်နေတာပါ။ သင်တန်းကတော့ ဖွင့်ဖြစ်မှာပါ"ဟု ဒေါ်စန်းစန်းနုကဆိုသည်။

ယင်းသင်တန်းကို တက်ရောက်ခွင့်ရရှိရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေခုနစ်သောင်းကျော်ဝင်ရောက် ဖြေဆိုထားပြီး အောင်စာရင်းများကို ပုံမှန်အခြေအနေဆိုလျှင် မတ်လထဲတွင်ထုတ်ပြန်ပြီး ဧပြီလတွင် အောင်မြင်သူများ သင်တန်း တက်ရောက်ခွင့်ရရှိနေပြီဖြစ်သည်။

ယခုနှစ်တွင်ဖွင့်လှစ်မည့် အဆိုပါ သင်တန်းကို သင်တန်းသားသင်တန်းသူ တစ်သောင်းကျော်ရွေးချယ်သွားမည်ဖြစ်ပြီး သင်တန်းကာလကို ယခင် ၆ လတက် ရောက်စေရာမှာ ယခုနှစ်မှစတင်ပြီး တစ်နှစ်အထိတက်ရောက်ရန် သင်ရိုးညွှန်းတမ်းများကို ပြန်လည်ပြင်ဆင်ရေးဆွဲထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှသိရသည်။

သင်တန်းအောင်စာရင်းထွက်ရှိပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သင်တန်းပြီးဆုံးအောင်မတက်ရောက်ခြင်း၊ သင်တန်းပြီးဆုံးပြီး အခြေခံပညာကျောင်းများတွင် အနည်းဆုံး ၃ နှစ်တာဝန်မထမ်းဆောင်ပါက လျော်ကြေး ၅ သိန်းနှင့်အတူ လစဉ်ထောက်ပံ့ကြေးများပေးလျော်ရန် သတ်မှတ်ထားသည်။

S-09