News

POST TYPE

POPULAR POST

ညစ်ညမ်းသော နိုင်ငံရေးတိုက်ကွက်များကို ရှောင်ရှားစေလို
08-Jun-2020
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ယခုအတိုက်အခံဖြစ်နေသော ကြံ့ခိုင်ရေးပါတီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အယုံအကြည်မရှိအဆို တင်သွင်းလိုက်သည့် သတင်းမှာလည်း ယခင်တစ်ပတ်က အဆိုပါလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ယင်းပါတီကပင် အယုံအကြည်မရှိကြောင်းတင်သွင်းခဲ့သည့် သတင်းကဲ့သို့ပင် ပြောဆိုစရာဖြစ်လာပြန်ပါသည်။ 

အရေးနိမ့်မည်မှန်းသိသော်လည်း အရာတစ်ခုထင်ကျန်လိုသည့် ဦးတည်ချက်ဖြင့် အယုံအကြည်မရှိ အဆိုတင်သွင်းခြင်းဖြစ်သည်ဟု ဦးတီခွန်မြတ်ကိစ္စတွင် နိုင်ငံရေးစောင့်ကြည့်လေ့လာသူအများစုက ယေဘုယျဝေဖန်ခဲ့ကြပေသည်။ ယင်းကိစ္စဆွေးနွေးငြင်းခုံကြရာ၌ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ ထက်မြက်ပြတ်သားသော အရည်အချင်းအချို့ကို မထင်မှတ်ဘဲဘွားခနဲပေါ်ထွက်လာမှုအပေါ် မဲဆန္ဒရှင်ပြည်သူအများစု စိတ်တိုင်းကျခဲ့သည်ကိုတော့ သတိပြုမိပါသည်။ 

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပါဝါနိုင်ငံရေးပြိုင်ဘက်ကြီးများ အကြား သာမန်ပွတ်တိုက်မှုများသာမကတော့ဘဲ “နင်ဘာလဲ ငါဘာလဲ” သဘောမျိုးဖြင့် ထိပ်တိုက်စိန်ခေါ်မှုများမြင်တွေ့လာရသည်မှာ တကယ်တမ်းပြောရလျှင် ဒီမိုကရေစီစနစ်၏ စစ်မှန်သည့် သဘောတရားတစ်ခုပင်ဖြစ်ပေလိမ့်မည်။ 

အတိုက်အခံတို့ကလည်း အတိုက်အခံဘက်က တိုက်လို့ (လုပ်လို့) ရနိုင်တာကို လုပ်လို့ (တိုက်လို့)ရသလောက် လုပ်နေ (တိုက်နေ)မည်ဖြစ်ပြီး အာဏာရသူများဘက်ကလည်း ကာနိုင်သလောက် အလှပဆုံးဖြစ်အောင်ကာနေမည်သာပင်ဖြစ်သည်။ အရေးကြီးသည်မှာ “တိုက်ခြင်း”၊ “ကာခြင်း” တို့၏ ဘုံဦးတည်ချက်သည် မဲဆန္ဒရှင်ပြည်သူနှင့် နိုင်ငံ၏ အကျိုးစီးပွားကိုသာ ဦးတည်ရန် ဖြစ်သည်။ “တိုက်ကွက်”၊ “ကာကွက်” တို့ လှပပြောင်မြောက်ထိရောက်လေ နိုင်ငံနှင့် ပြည်သူ အကျိုးအမြတ်ထွက်လေဖြစ်မည် မဟုတ်ပါလော။ 

ရွေးကောက်ပွဲနီးလေ သတိထားစရာကောင်းလေဖြစ်သည့်ကိစ္စမှာ လုပ်ပိုင်ခွင့် အာဏာရရှိအောင် သူပြိုင်ကိုယ်ပြိုင် အပြိုင်နွှဲကြခြင်းသည် နိုင်ငံရေးလောက၏ သဘာဝတစ်ခုဖြစ်သော်လည်း လွန်ကဲသော “တိုက်ကွက်” များအသုံးပြုမိပါက နောက်ဆုံးတွင် နိုင်ငံနှင့် မဲဆန္ဒရှင်ပြည်သူများသာ နစ်နာကြရသည့်အချက်ပင် ဖြစ်ပါသည်။ 

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရေးသမိုင်းကြောင်းများကိုကြည့်လျှင် လွန်စွာဆိုးရွားသည့် တိုက်ကွက်များရှိခဲ့သည်ကိုတွေ့ရပေမည်။ ပုဂ္ဂိုလ်ရေးလုပ်ကြံခြင်း၊ မတရားနည်းများသုံးခြင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ရန်တိုက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ လူ့အခွင့်အရေးတို့ကို တလွဲအသုံးချခြင်း စသည်ဖြင့် ကြောက်စရာကောင်းသောတိုက်ကွက်များ ရှိခဲ့ပေသည်။ 

လိုရင်းပြောရမည်ဆိုပါက ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ခံယူချက်ဖြင့် ညစ်ပတ်သော တိုက်ကွက်များကို အသုံးမပြုဘဲ ပါဝါနိုင်ငံရေးကိစ္စကို လူကြီးလူကောင်းဆန်စွာ၊ သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းအားဖြင့် ခေတ်သစ်မြန်မာ့ သမိုင်းတွင် လူထု၏ အစဉ်အယုံအကြည်ရှိထိုက်သူ စံပြပုဂ္ဂိုလ်များအဖြစ် နာမည်ကောင်းကျန်ရစ်အောင် ပြုမူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း မေတ္တာရပ်ခံလိုပေသည်။ 

အယ်ဒီတာ (၇ - ၆ - ၂၀၂၀)