News

POST TYPE

POPULAR POST

ကျောင်းအပ်ချိန်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များအပြင် Mask နှင့် Face Shield ပါပေးမည်
05-Jun-2020


ရန်ကုန်၊ ဇွန် ၄

အခြေခံပညာအထက်တန်းကျောင်းအပ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ နှင့်အတူ Mask နှင့် Face Shield ကိုပါ ဝေပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

အခြေခံပညာကျောင်းများတွင် အထက်တန်းများအတွက် ကျောင်းအပ်နှံရေးကာလကို ဇူလိုင်လ ၁၃ ရက်မှ ဇူလိုင် ၁၇ ရက် သတ်မှတ်ထားပြီး လူစုလူဝေးများမဖြစ်စေရန် အတန်းလိုက်ကျောင်းအပ်ရမည့်နေ့ကို ပညာရေးဝန်ကြီးဌာနက ထုတ် ပြန်ပေးမည်ဖြစ်ပြီး ထို့အပြင်ကျောင်းအုပ်များကိုလည်း လွတ်လပ်စွာ စီမံခွင့်ပေးထားသည်။

"ကျောင်းအပ်တဲ့အချိန်မှာ ကျောင်းသားတစ်ဦးကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေပေးမယ်၊ Mask ၂ခုပေးမယ်၊ Face Shield  ၁ခုပေးမယ်။ အဲ့ဒါတွေက ကျောင်းအပ်နှံရေးမှာ တစ်ခါတည်း လုပ်မယ့်ကိစ္စတွေပါ" ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းတွင်းစစ်စာမေးပွဲများအတွက် အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း သင်ရိုးသစ်များအတွက် သင်တန်းပေးခြင်း၊ ကျောင်းတွင်းစစ် ပြင်ပဖြေဆိုစာမေးပွဲများအတွက် အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း စသည်တို့ကို  ကျောင်းအပ်နှံရေးကာလမတိုင်ခင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

"ဒီနှစ် ကျောင်းဖွင့်ရက်တွေကတော့ အစစအရာရာ သတိထားရမှာပဲ။ ကလေးတွေကို အရင်ထက်ပိုပြီး ဂရုစိုက်ရမှာပေါ့။ ဒါပေမဲ့ အထက်တန်းတွေဆိုတော့ တော်သေးတယ်လေသိတတ်တဲ့ အရွယ်ရောက်နေပြီ" ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးကဆိုသည်။

ကျောင်းတွင်းစစ်စာမေးပွဲ၏ အောင်စာရင်းကို ဇွန် ၁၃ ရက်တွင် ထုတ်ပြန်မည်ဖြစ်ပြီး ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ဇူလိုင်လနောက်ဆုံးအပတ်တွင် အထက်တန်းမှ စ၍ဖွင့်လှစ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုအခြေအနေပေါ်မူတည်၍ အလယ်တန်းဆင့်နှင့် မူလတန်းဆင့်တို့ကို တစ်ဆင့်ချင်းစီဖွင့်လှစ်နိုင်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-02