News

POST TYPE

POPULAR POST

ယာဉ်မောင်းတို့၏ စိတ်ထားအရေးကြီးပါသည်
03-Jun-2020
ဇွန်လ ၂ ရက်နေ့ မနက်က ကမာရွတ်မြို့နယ် သင်္ဘောကျင်းမှတ်တိုင်အနီးတွင် YBS အမှတ် ၄၀ ဘတ်စ်ကားက အငှားယာဉ်တစ်စီးကို ဝင်တိုက်မိသောကြောင့် ယင်းအငှားယာဉ်ပေါ်လိုက်ပါလာသော ခရီးသည် နှစ်ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးသွားသည့် သတင်းကြားရသည်မှာ အတော့်ကိုစိတ်မကောင်းစရာပင်။ စည်းမဲ့ကမ်းမဲ့ အရှိန်ပြင်းစွာမောင်းနှင်လာပြီး တစ်ဖက်ယာဉ်ကြောထဲသို့ ထိန်းမနိုင်သိမ်းမရပုံစံဖြင့် ဝင်တိုက်သွားခြင်းဖြစ်သည်။ 

အတိုက်ခံရသည့် အငှားယာဉ်တက္ကစီမှာလည်း ရစရာမရှိအောင် ရုပ်ပျက် ဆင်းပျက်ဖြစ်သွားရသည်။ စည်းမဲ့ကမ်းမဲ့ယာဉ်မောင်းတစ်ဦးကြောင့် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် စက္ကန့်ပိုင်းလေးအတွင်း အငှားယာဉ်ပေါ်ပါလာသူ လူသုံးဦး မရှုမလှ ဖြင့်ဘဝအဆုံးသတ်သွားရရှာသည်။ ၎င်းတို့၏ ကျန်ရစ်သူမိသားစုဝင်များ၊ မိတ်ဆွေ များလည်း မလွဲမသွေယူကျုံးမရဖြစ်ကြရပေမည်။ ထို့အတူ YBS ယာဉ်မောင်း၏ မိသားစုဝင်များလည်း သောကရောက်ကြရမည်သာပင်။ 

ဤနေရာတွင် YBS အပါအဝင် ခရီးသည်တင်မော်တော်ယာဉ်အသီးသီး၏ ယာဉ်မောင်းတို့၏ စိတ်နေသဘောထား၊ တစ်နည်းအားဖြင့် မိမိအလုပ်အပေါ် ထားရှိသည့် ခံယူချက်ကိစ္စသည်ပါ အရေးတကြီးဆွေးနွေးရမည့်အရာဖြစ်လာပါသည်။

ဒီမိုကရေစီအစိုးရသစ်လက်ထက် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍအတွက် မ.ထ.သ မှ YBS သို့ အပြောင်းအလဲကြီးတစ်ရပ်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ယနေ့အချိန်အထိ ယင်း YBS ၏ဝန်ဆောင်မှုပိုင်းနှင့်ပတ်သက်၍ ခရီးသွားပြည်သူများအများစုအကြား တူညီသည့် မှတ်ချက်မှာ YBS ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်တို့၏ အကျင့်စရိုက် ပြောင်းလဲသွားမှုမရှိသေးသည့် အချက်ပင်ဖြစ်ပေသည်။ 

YRTA ၏ စည်းကမ်းပိုင်းကြပ်မတ်မှုဆိုင်ရာအားနည်းနေသေး၍လော၊ သို့မဟုတ် ယာဉ်ထိန်းရဲများ၏ အရေးယူမှုထိထိရောက်မရှိသေး၍လောဟူသည်ကို မသိနိုင်သေးသော်လည်း ယနေ့ရန်ကုန်မြို့လမ်းမပေါ်များတွင် ဘတ်စ်ကားများသည် ယာဉ်စည်းကမ်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရဲသူများအဖြစ် သတ်မှတ်ခံထားရသည်မှာ အခြားယာဉ်မောင်းသူများအပါအဝင် ရန်ကုန်နေပြည်သူများ အားလုံးအသိပင်ဖြစ်သည်။

CCTV ကင်မရာများ၊ ရှောင်တခင်ယာဉ်စည်းကမ်းကြီးကြပ်သည့် အဖွဲ့များဖြင့် မည်သို့ပင်ဖမ်းဆီးအရေးယူစေကာမူ ဘတ်စ်ကားအများစု၏ စည်းကမ်းဖောက်မှုမှာ မည်သို့မျှလျော့ကျသွားခြင်းမရှိသည်ကိုတွေ့ရပေလိမ့်မည်။ ထို့ပြင် ခရီးသည်တင် ဘတ်စ်ကားများ၏ ယာဉ်မတော်တဆမှုများကိုကြည့်လျှင် ယာဉ်လိုင်းနံပါတ်တူသော ဘတ်စ်ကားအချင်းချင်း၊ သို့မဟုတ် ခရီးစဉ်လမ်းကြောင်းတူသော ယာဉ်လိုင်းအချင်းချင်း ယှဉ်ပြိုင်မောင်းနှင်ကာ ခရီးသည်အလုအယက်တင်သည့်ကိစ္စက အဓိက ပြဿနာဖြစ်နေသည်ကိုတွေ့မြင်နိုင်ပါသည်။ ယင်းအချက်ကို သက်ဆိုင်သူ အာဏာပိုင်အဖွဲ့များက အသေအချာမကြပ်မတ်နိုင်သေးသရွေ့ ယာဉ်မတော်တဆမှုများ ဖြစ်မြဲဖြစ်နေမည့်သဘောတွင် ရှိပေသည်။ 

မ.ထ.သ ကို YRTA အဖြစ်ပြောင်းလဲပြီးနောက်ပိုင်း ယာဉ်မောင်းများအတွက် စိတ်ပိုင်းဆိုင်ရာသင်တန်းများပို့ချပေးသည်ဟု ကြားသိရသော်လည်း ထိရောက်မှု ရှိပုံမရပေ။ ခရီးသွားပြည်သူများအပေါ်ထားရှိသည့် ယာဉ်မောင်းများ၏ ခံယူချက်သဘောထားနှင့် အပြုအမူ(အကျင့်စရိုက်)ပိုင်းကိုပါ ကောင်းမွန်လာအောင် သင်ကြားပေးနိုင်၊ သွန်သင်ဆုံးမပေးနိုင်ခြင်းလည်းရှိခဲ့ပုံမရပေ။ 

မြန်မာ့စိတ်ရင်း ကူညီရိုင်းပင်းခြင်းဟူသည့် အဆိုအတိုင်း ခရီးသည်များအပေါ် အမှန်တကယ်ကူညီရိုင်းပင်းတတ်ပြီး ယာဉ်စည်းကမ်းလိုက်နာတတ်သည့် ယာဉ်လုပ်သားကောင်းများပေါ်ထွန်းနိုင်ရေးသည် ဝေဖန်မှုများကြားမှ အပြောင်းအလဲကြီး တစ်ရပ်ကို တစ်ချိန်က လုပ်ဆောင်ခဲ့သော YRTA အာဏာပိုင်အဖွဲ့ပေါ်တွင် လုံးဝတာဝန်ရှိနေပြီဖြစ်ကြောင်းသာ ပြောလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ ( ၂ - ၆ - ၂၀၂၀ )