News

POST TYPE

POPULAR POST

ပန်းသီးနဲ့ တွေ့ဆုံခြင်း
01-Jun-2020
“စစ်သားပြက်လုံးကိုပြက်မိတာ နေပြည်တော်မှာ ပုဒ်မ ၅၀၀ နဲ့ တရားစွဲခံရတယ်”



လူရွှင်တော်သရုပ်ဆောင်ပန်းသီး(သီးလေးသီး) နဲ့ တွေ့ဆုံခိုက် သီးလေးသီးအဖွဲ့အနေနဲ့ ရှေ့ဆက်သွားမယ့် လှုပ်ရှားမှုများ၊ ပြက်လုံးအသစ်တွေ မထုတ်တော့ဘဲ ငြိမ်နေတဲ့အကြောင်းနှင့် ပြက်လုံးတစ်ခုကြောင့် တရားရင်ဆိုင်ခဲ့ရတဲ့အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : Covid ကာလပြီးတော့မယ် ဆိုတော့ သီးလေးသီးအနေနဲ့ ဘာတွေလုပ်ဖို့ရှိလဲ။
PT : ကျွန်တော်တို့ ပွဲကဖို့က မလွယ်ဘူးလေ။ ကျွန်တော်ထင်တယ်။ လာမယ့် ခြောက်လ ခုနစ်လအတွင်းမှာ ပွဲကဖို့မလွယ်တော့ဘူး။ အရင်ဆုံး ကျွန်တော်တို့ ရုပ်သံ အငြိမ့်ရိုက်ကူးရေးတွေ၊ ဟာသရိုက်ကူးရေးတွေ၊ တစ်ခန်းရပ်ရိုက်ကူးရေးတွေ အတွက် အရင်ဆုံး လုံးပန်းနေပါတယ်။ ဒီဟာကိုပဲ ကျွန်တော်တို့ အရင်စနိုင်လိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ပြည်သူတွေဆီကို ရောက်နိုင်တာ ဒီနည်းလမ်းက ပထမဦးဆုံး ကျွန်တော်တို့တွေ လုပ်နိုင်မယ်ထင်တယ်။ အငြိမ့်ကဖို့က လူစုလူဝေးရှိမှ ကျွန်တော် တို့က အငြိမ့်ကလို့ရမယ်။ ကျွန်တော်တို့ ပွဲလာ ကြည့်တယ်။ ခြောက်ပေအကွာ ထိုင်ပေးပါဆိုရင် ကျွန်တော့်တောင် တုတ်နဲ့တောင် ရိုက်သွားဦးမယ်။ စင်ပေါ်မှာ သီချင်းဆိုရင်တောင် မင်းအသံက မကိုက် ဘူးဆိုပြီး ပြောကြတာ။ ရုပ်သံရိုက်ကူးရေးမှာ ကျွန်တော်တို့ ပြက်လုံးလေးတွေ အရင်ဆုံး ပရိသတ်တွေဆီရောက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပြီ။ 

Voice : အခုနောက်ပိုင်း သီးလေးသီး က ငြိမ်နေတယ်နော်။ အစိုးရဘက်ကို ပြက်တဲ့ ပြက်လုံးမျိုး မတွေ့တော့ဘူး။ 
PT : ကျွန်တော်တို့ ခေတ်ပြောင်းလဲ တာကိုး။ ကျွန်တော်တို့တွေလည်း လေ့လာမိတယ်။ ပြီးတဲ့အခါကျတော့ တချို့က ပြောတယ်။ ကျွန်တော်တို့ သီးလေးသီးက ငြိမ်နေတယ်။ အရင်အစိုးရကျတော့ ပြောတယ်။ ဒီအစိုးရကျတော့ မပြောဘူး။ တချို့ဟာတွေက ကျွန်တော်တို့ ငြင်းခုံနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီခေတ်မှာ ပြောရတာ ပိုခက်တယ်။ အရင်ခေတ်ကာလတစ်ခုက ပြည်သူသည် ကျွန်တော်တို့နဲ့ အနီးကပ်ဆုံးရှိတယ်။ ကျွန်တော်တို့က တိုက်တဲ့ ွှမေါနအ က တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ပြက်ခဲ့တဲ့ ကာလတစ်ခုဆိုရင် ၂၀၀၇ ဖြစ်မယ်။ စစ်အစိုးရ ကာလ တစ်ခုမှ ပြည်သူတွေက အာဏာရှင်စနစ်တစ်ခုကိုကျွန်တော်တို့ အတူတူ တော်လှန်နေတဲ့အခါကျတော့ ကျွန်တော်တို့ပြောတဲ့ပြက်လုံးတွေသည် ကိုးဆယ်ရာခိုင်နှုန်း ထပ်တူထပ်မျှနဲ့ ကျွန်တော်တို့ လက်ခုပ်သံ ရခဲ့တယ်။ ဒီခေတ်ကာလကျတော့ နည်းနည်းလေး အရောင်တွေကွဲလာပြီ။ အမှန်တိုင်းပြောတာ။ အရောင်တွေ ကွဲလာတော့ တချို့ကျတော့ ကျွန်တော်တို့ ဘာပြောပြော၊ ဘာပြက်ပြက် ထိုင်ဆဲတဲ့အုပ်စုက သက်သက် ဖြစ်နေတယ်။ ကျွန်တော်တို့က မင်္ဂလာပါခင်ဗျာဆိုလည်း မင်းက ဘာလဲဆိုပြီး ဆဲကြတာပဲ။ ဒီကြားထဲ ကျွန်တော်တို့ပြက်လုံးတစ်ခု ပြက်မယ်ဆိုရင် အများကြီးစဉ်းစားရတယ်။ ဥပမာ- ဒီဘက်နည်းနည်းလေး ရောက်သွားပြီဆိုရင် မင်းတို့က ဒီအဘတွေချည်းပဲ ပြက်နေတယ် ပြောတယ်။ ဒီဘက်ကိုလည်း အပြု သဘောလေး နည်းနည်းလေး လုပ်ကြည့်ဦးမှ ဆိုရင် အစိုးရက ဒီလောက် လုပ်နေတာတောင် မင်းတို့က မကောင်း ပြောပြန်ပြီ ပြောကြပြန်ရော။ ပြက်လုံးရှားတယ်။ တင်ပြရတာလည်း မလွယ်ဘူး။ 

Voice : မကြာသေးခင်ကလည်း ပြက်လုံးက ကိစ္စနဲ့ နေပြည်တော်မှာ အမှုရင်ဆိုင်ခဲ့ရသေး တယ်နော်။ 
PT : ကျွန်တော်တို့ ရှေးတုန်းက စစ်သားပြက်လုံးကို ပြက်မိတာ နေပြည်တော်မှာ ပုဒ်မ ၅၀၀ နဲ့ တရားစွဲခံရတယ်။ ဒါကသူများပြက်တဲ့ပြက်လုံးနော်။ လွန်ခဲ့တဲ့ခြောက်လလောက်ကမှ ပြီးသွားတာ။ နေပြည်တော် တိုင်းစစ်ဌာနချုပ်က တရားစွဲခံရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လောက်က ပြက်လုံး ကျွန်တော်တို့ပြက်တာ အဲတော့ ဒီခေတ်က ပြက်လုံးလည်း ရှားသလို အချိန်မရွေးက အရင်ခေတ်ထက် တောင် ထောင်ထဲ တန်းဝင်ရကိန်းရောက်တယ်။ ဒဏ်ငွေ တစ်ယောက်တစ်သိန်းနဲ့ ဇွဲအဖွဲ့အပါအဝင် ငါးယောက်ပေါ့။ ဒဏ်ငွေမဆောင်ရင် ထောင်လေးလပေါ့။ ကံကောင်းတယ်၊ ပိုက်ဆံရှိလို့ပေါ့ဗျာ။ 

ခင်ညိုညိုသိမ့်