POST TYPE

POPULAR POST

ငွေလဲလှယ်ကောင်တာ ဓားပြဝင်တိုက်သူ နှစ်ဦး၏ CCTV ဓာတ်ပုံများ ဖြန့်ဝေ
05-Dec-2016 tagged as ဓားပြ

ရန်ကုန်၊ ဒီဇင်ဘာ ၎

စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ခုံးကျော်တံတားအနီး ရှမ်းကုန်းလမ်းရှိ ငွေလဲလှယ်ကောင်တာ တစ်ခုတွင် နေ့ခင်းကြောင်တောင်အချိန် သေနတ်ပစ်ဖောက်ပြီး ငွေများ လုယူသွားသော အမည်မသိ အမျိုးသားနှစ်ဦး၏ CCTV မှတ်တမ်း ဓာတ်ပုံများကို တိုင်း၊ ခရိုင်၊ မြို့နယ်အနှံ့ရှိ ရဲတပ်ဖွဲ့င်များထံ ဖြန့်ဝေထားပြီး မြေလှန်ရှာဖွေ စုံစမ်းနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လုယက်မှု ဖြစ်ပွားခဲ့တဲ့ ဆိုင်ဘေးက တပ်ဆင်ထားတဲ့ CCTV ကင်မရာကနေ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေ ရခဲ့တယ်၊ ဓာတ်ပုံတွေက ရုပ်ထွက်မပီပြင်ပေမယ့် သူတို့ကို မျက်မြင်တွေ့ခဲ့တဲ့ ရှမ်းကုန်းလမ်းထဲက လူတွေရဲ့ ထွက်ဆိုချက်အရ သူတို့ရဲ့ ပုံပန်းသဏ္ဌာန်ကို ခွဲခြားစွာ သိရှိနိုင်ပြီမို့ တိုင်းခရိုင် ရဲတပ်ဖွဲ့တွေ ဦးစီးပြီး မြေလှန်ရှာဖွေ စုံစမ်းနေပါတယ်၊ မကြာခင် ရက်ပိုင်းအတွင်း ဖမ်းမိမှာပါ” ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါ အမည်မသိ အမျိုးသားနှစ်ဦးမှာ မျက်နှာဖုံးစွပ်ပြီး ရှမ်းကုန်းလမ်းရှိ မြေညီထပ်တိုက်ခန်းတွင် ဖွင့်လှစ်ထားသော M.S Group Money Changer ဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်မန်နေဂျာ အမျိုးသားနှင့် ငွေကိုင်ဖြစ်သူ အမျိုးသမီးတို့ နှစ်ဦးကို ကြမ်းပေါ် ဝမ်းလျားမှောက်ခိုင်းပြီး ငြိမ်ငြိမ်နေ လူမသတ်ချင်ဘူးဟု ခြိမ်းခြောက်ပြောဆိုကာ သေနတ်ပစ်ဖောက်ပြီး အမေရိကန်ဒေါ်လာ ၁၅၀၀၀၊ မြန်မာငွေ ကျပ်သိန်း ၁၅၀ ကျော်တို့ကို လုယူပြီး ပြည်လမ်းရှိ ၅၁ ခရီးသည်တင်ယာဉ်ပေါ် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုယက်သူ နှစ်ဦးတွင် အသားဖြူဖြူ ပိန်ပိန်သွယ်သွယ် အမျိုးသားက အနက်ရောင် သေနတ်တစ်လက်ကို ကိုင်ဆောင်ထားပြီး အသားမည်းမည်း ခပ်ဝဝ အမျိုးသားက လေးခွတစ်လက်ကို ကိုင်ဆောင်ထားကြောင်း၊ ငွေထုတ်ယူ၍ ထွက်ပြေးစဉ် ရပ်ကွက်နေသူများက လိုက်လံဖမ်းဆီးခဲ့သောကြောင့် သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ကြောင်း ရှမ်းကုန်းလမ်းတွင် နေထိုင်သူများထံ မှသိရသည်။

“ဆိုင်ထဲမှာ ဓားပြဝင်တိုက်နေချိန် ၁၉၉ ဖုန်းကိုခေါ်ပြီး ချက်ချင်းအသိပေးခဲ့တယ်၊ ပြီးတော့ စမ်းချောင်းရဲစခန်းကို ထပ်ဆက်တယ်၊ ဓားပြနှစ်ယောက် ဆိုင်အပြင်ထွက်ပြေး လမ်းလျှောက်လာချိန် နောက်ကလိုက်ပြီး ရဲကို ဖုန်းနဲ့ တောက်လျှောက်အသိပေးခဲ့တာ၊ သူတို့နှစ်ယောက် တက်စီးသွားတဲ့ ၅၁ လိုင်းကားနံပါတ် ဘယ်လောက်ဆိုတာပါ အသိပေးခဲ့တယ်၊ ဒီလောက် ကားကျပ်တဲ့ မြေနီကုန်း နေရာမျိုးမှာ ရဲတပ်ဖွဲ့အနေနဲ့ ဒီလူတွေကို ပိတ်ပြီး ဖမ်းနိုင်မယ် ထင်ခဲ့တာ” ဟု လုယက်မှု ဖြစ်စဉ် ရဲတပ်ဖွဲ့ထံ ဖုန်းဆက်သတင်းပေးခဲ့သော အမျိုးသားတစ်ဦးက ဆိုသည်။ 

ငွေလဲကောင်တာ ဆိုင်ထဲဝင် အနုကြမ်းစီးသူ နှစ်ဦးမှာ ယင်းနေ့ နံနက် ၁၁ နာရီက ဆိုင်အနီးရှိ ဘီယာဆိုင်တွင် ထိုင်နေပြီး ဆိုင်အခြေအနေ အကဲခတ်နေရာမှ မွန်းတည့် ၁၂ နာရီတွင် ဆိုင်ဘေးရှိ လှေကားအနီးတွင် လာထိုင်ခဲ့ကြောင်း၊ ယင်းနောက် ဆိုင်အတွင်း ငွေကိုင်ဖြစ်သူ မအိအိဖြိုးနှင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးမျိုးမြင့်တို့ နှစ်ဦးတည်း ရှိနေချိန် အမေရိကန်ဒေါ်လာ ဝယ်ယူလိုကြောင်း ပြောဆိုပြီးနောက် သေနတ်ပစ်ဖောက်ပြီး ငွေများ လုယက်ခဲ့ပြီး ဆိုင်အတွင်းရှိ CCTV ကင်မရာများနှင့် CCTV Hard Disk တို့ကို လုယက်သူနှစ်ဦးက ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မျက်နှာဖုံးစွပ် အနုကြမ်းစီးခဲ့သူ နှစ်ဦးမှာ လေသေနတ် (ပစ္စတို) တစ်လက်ကို အသုံးပြုသွားကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုခဲ့ပြီး ၎င်းတို့နှစ်ဦးကို စမ်းချောင်းမြို့မ ရဲစခန်းက (ပ) ၄၁၄/၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/ ၃၃၆/ ၄၂၇/ ၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ပြည်လမ်း တော်ဝင်စင်တာအနီးရှိ Farmer Money Changer တွင် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက အမည်မသိ အမျိုးသားသုံးဦးက Alphard ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦးကို ရိုက်နှက်၍ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် ကျပ်သိန်း ၃၀၀ ကျော် ငွေထုပ်ကို လုယူထွက်ပြေးခဲ့မှုမှာ ယနေ့အချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အလားတူ ယခုနှစ် ဧပြီလ ၂၆ ရက် နေ့က ကြည့်မြင်တိုင်မြို့နယ်၊ ဦးလူနီလမ်းတွင် နေ့ခင်းကြောင်တောင်အချိန် နေအိမ်ထဲ အမျိုးသားတစ်ဦးက ဝင်ရောက်ပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို ဓားဖြင့်ထောက် ခေါ်ဆောင်၍ ကျပ်သိန်း ၅၀ ဖြင့် ပြန်ပေးဆွဲစဉ် ယင်းအနီးတွင် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေသူများ ရှိခဲ့သော်လည်း ပြစ်မှုကျူးလွန်သူ အမျိုးသားမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။