News

POST TYPE

POPULAR POST

ကျပ်သိန်း ၃၀၀ တန် လုပ်ငန်းကို မြေပြင်တွင် ၄၈ သိန်းဖြင့် ဆောက်လုပ်နေကြောင်း လွှတ်တော်သို့တင်ပြ
19-May-2020

နေပြည်တော်၊ မေ ၁၉

ပြည်ထောင်စုလွှတ်တော်မှ ကျပ်သိန်း ၃၀၀ ဖြင့် ခွင့်ပြုပေးလိုက်သည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို ကွင်းဆင်းလေ့လာရာတွင် မြေပြင်တွင် ကျပ် ၄၈ သိန်းဖြင့် လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း လွှတ်တော်သို့ တင်ပြလိုက်သည်။

မေလ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် ပက်သတ်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ငွေကြေးဆိုင်ရာ အစီရင်ခံစာတင်သွင်းရာတွင် ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက အထက်ပါအတိုင်း ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

“၂၀၁၈-၁၉ မှာ တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်တဲ့အခါ တည်ဆောက်ရေးလုပ်ငန်းတွေကို လေဘာကန်ထရိုက်နဲ့ လုပ်နေတာ ဖြစ်ပါတယ်။ လေဘာ ကန်ထရိုက်ရဲ့တန်ဖိုးကို မေးကြည့်တဲ့ အခါ တပေပတ်လည်ကို ၂၇၀၀ နဲ့ စုစုပေါင်းပေ ၃၀ ပေ ၆၀ အဆောက် အဦကို ၄၈ သိန်းနဲ့ လုပ်နေတာ ဖြစ်ပါတယ်။ ဒီဟာကို ကျနော်တို့ ဘတ်ဂျတ်က ခွင့်ပြုတာ သိန်း ၃၀၀ ပါ။ ဘတ်ဂျတ်ခွင့်ပြုငွေရဲ့ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၄၀ ရာခိုင်နှုန်းဟာ လုပ်အားခအဖြစ် တွက်ချက်ခဲ့တာပါ။ ဒါပေမယ့် လေဘာကန်ထရိုက်ကို ၄၈ သိန်းနဲ့ ပေးခဲ့တာဖြစ်ပါတယ်။ ဒါတွေဟာလည်း ကုမ္မဏီများရဲ့အားနည်းချက်ပါ” ဟု ဦးအောင်မင်းက ပြောသည်။

၎င်းက ထပ်မံ၍ “ကုမ္မဏီတွေရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ ပက်သတ်လို့ ကျနော်တို့တင်ဒါကာလမှာတော့ ကုမ္မဏီတွေဟာ ရွန်းရွန်းဝေနေတာပါပဲ။ပရိုဖိုင်းတွေ ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့က ထိရက်စရာ မရှိ၊ ဖျက်စရာမရှိပါဘူး။ ဒါပေမယ့် တကယ်လက်တွေ့မှာ တည်ဆောက်တဲ့ လုပ်ငန်းနဲ့ ပက်သတ်ပြီး အခြေခံ အစီအစဉ် ဇယားမရှိဘူး။ လုပ်ငန်းအင်ဂျင်နီယာ မရှိဘူး။ အဆောက်အဦနဲ့ ပက်သတ်လို့ စံချိန်စံညွှန်းမပြည့်မီပါဘူး။ သံချည်သံဂွေးကအစ သတ်မှတ်တဲ့ ပုံစံတွေနဲ့ သက်ဆိုင်ရာ လုပ်ငန်းအင်ဂျင်နီယာက ခွင့်ပြုထားတဲ့ အချက်အလက်တွေ မရှိပါဘူး” ဟု လွှတ်တော်သို့တင်ပြပြောဆိုသည်။

ဝန်ကြီးဌာနများသည် တင်ဒါခေါ်သည့် လုပ်ငန်းစဉ်များတွင် BQ စိစစ်သော စားပွဲပေါ်မှ လုပ်ငန်းများကို လေးငါးလခန့် အချိန်ယူထားကြောင်း၊ မြန်မာနိုင်ငံ၏ တဆက်တဆက်တည်းသော ပွင့်လင်းရာသီသည် ၈ လ သာရှိသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ကာလအနည်းငယ်သာရရှိကြောင်း ဦးအောင်မင်းက ထပ်လောင်းပြောသည်။

“အဲကာလအတွင်းမှာ အတင်းတွန်းပြီးဆောက်ကျမယ်ဆိုရင်လည်း ကျနော်တို့ခွင့်ပြုပေးလိုက်တဲ့ အဆောက်အဦတွေရဲ့ အနေအထားဟာ ရာဇဝင်ထဲကလို ကံရာဇာငယ်ဆောက်တဲ့ အဆောက်အဦးတွေလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ မပြီးရတဲ့ လုပ်ငန်းစဉ်တွေမှာ အဲဒီတင်ဒါလုပ်ငန်းစဉ်တွေ စိစစ်နေမယ့် စားပွဲပေါ်မှာ လုပ်ရမယ့် လုပ်ငန်းတွေအတွက် အချိန်အများကြီးယူထားတဲ့ အချက်တွေကတစ်ချက်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်သည့် ညွှန်ကြားချက်ကို တိတိကျကျလိုက်နာ မည်ဆိုပါက တည်ဆောက်ရေးလုပ်ငန်းတွေ နှောင်နှေးကြန့်ကြာမည် မဟုတ်ကြောင်း၊ လွှတ်တော်ကဖြစ်စေ နိုင်ငံတော်သမ္မ တရုံးမှ ဖြစ်စေညွှန်ကြားသည့် အမိန့်နှင့် ကြေညာချက်များသည် လုပ်ငန်းနှောင့်နှေးအောင် ပြုလုပ်ထားခြင်းမဟုတ်ဘဲ ဖြေလျော့မှုများစည်းကမ်းတကျ အဆင့်ဆင့် လုပ်ဆောင်ပေးထားခြင်းဖြစ်ကြောင်း ၎င်းက လွှတ်တော်သို့ တင်ပြပြောဆိုသည်။

“လုပ်ငန်းတွေ နှောင့်နှေးအောင်ဆိုပြီး ထုတ်ပြန်ထား တဲ့အမိန့်တွေမဟုတ်ပါဘူး စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ထိထိရောက်ရောက်နဲ့ ဆောင်ရွက်နိုင်အောင် ထုတ်ပြန်ထား အမိန့်နဲ့ ညွှန်ကြားချက်တွေဖြစ်ပါတယ်၊ ဒါတွေကို အတိအကျနဲ့ လိုက် နာဆောင်ရွက်ဖို့ပဲလိုပါတယ်”ဟု ဦးအောင်မင်း က ပြောသည်။

ယင်းအပြင် လွှတ်တော်တွင် Third Party (Quality Control (QC)) နှင့်ပတ်သက်၍ အတည်ပြုပြီးဖြစ်သော်လည်း ယနေ့ချိန်အထိ QC နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်း၊ ဉပဒေနှင့် ညွှန်ကြားချက်များကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ထို့ကြောင့် QC ကိစ္စကို တိုင်းဒေသကြီး။ပြည်နယ်အစိုးရများက အလျင်းသင့်သလိုဆောင်ရွက်နေကြကြောင်း ၎င်းက ဆိုသည်။

“နောက်တချက်ကတော့ ငွေပေးချေမှုပါ။ လုပ်ငန်းတန်ဘိုး ပြီးစီးမှုနဲ့ တစ်ပြိုင်နက် ငွေပေးချေမှုမရှိပါဘူး။ မှန်မှန်ကန်ကန် လုပ်တဲ့ ကုမ္ပဏီတွေရှိတယ် မှန်မှန်ကန်ကန်ပြီးဆုံးသွားတယ်။ ဒါပေမယ့် လာစစ်ပေးဖို့ QC လာစစ်ပေးဖို့ စာရေးပြီးတောင်းခံရတယ် QC လာစစ်တာကိုစောင့်ရတယ်။ QC လာစစ်ပြန်တော့လည်း အဖွဲ့ဝင်တွေ စုံအောင်လက်မှတ်ထိုးရတယ် ပြီးရင် ပိုက်ဆံတောင်းပြီးတင်ပြတယ်။ အဲ့လိုတင်ပြတဲ့အခါမှာ တိုင်းဒေသကြီး။ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် သို့မဟုတ်ဝန်ကြီးတစ်ပါးပါးက အတည်ပြုလက်မှတ်ထိုးမှ ဒီပိုက်ဆံကို ကျွန်တော်တို့ ထုတ်ယူသုံးစွဲ လို့ရပါတယ် ဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ဆိုင်ရာစီမံခန့်ခွဲမှု စည်းမျဉ်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ငွေပေးချေမှုကိစ္စသည် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က ထုတ်ပြ န်ထားသော အမိန့်ကြော်ငြာစာအမှတ် ၃၅/ ၂၀၁၇ ဖြစ်ပြီး ယင်းကြေညာချက်တွင် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဉပဒေအရ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းအတွက် နိုင်ငံတော်သမ္မတက အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများရှိ သက်ဆိုင်ရာအကြီး အမှူးများနှင့် ပြည်ထောင်စုဝန်ကြီးများအား လွှဲအပ်၍ မိမိလက်အောက်ရှိဌာနအကြီးအကဲများကို ထပ်ဆင့်လွှဲ အပ်ဆောင်ရွက်စေရပါမည်ဟု ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“ဒီစည်းမျဉ်းပြဌာန်းချက်အရ ပြည်ထောင်စုအဆင့်မှာရှိတဲ့ ဌာနအဖွဲ့အစည်းတွေရဲ့ ငွေကြေးနဲ့ပတ်သက်လို့ တာဝန်ယူတာဝန်ခံရမယ့်သူတွေဟာ သက်ဆိုင်ရာဌာနရဲ့ အကြီးအကဲတွေဖြစ်တဲ့ MD/DG တွေဖြစ်ပါတယ် MD/DG တွေဟာ သက်ဆိုင်ရာ ဌာနနဲ့ပတ်သက်လို့လည်း Controlling Officer လည်းဖြစ်ပါတယ်၊ အဲ့ဒီတော့  MD/DG တွေ Controlling Officer တွေ တာဝန်ယူရတဲ့ ငွေပေးချေခြင်းကိစ္စကို တိုင်းဒေသကြီး။ ပြည်နယ်မှာ ရှိတဲ့ ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ပါးပါးရဲ့ ခွင့်ပြုချက်ယူပြီး ထပ်ဆင့်ယူနေရခြင်းဟာ သင့်လျော်တဲ့ လုပ်ငန်းရပ်တစ်ခုမဟုတ်ဘူးလို့ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရရှိပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။

အဆိုပါကိစ္စနှင့် သက်၍ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ က ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ပြည်ထောငစု၏ ရသုံးမှန်ခြေငွေစာရင်းတွင်ပါဝင်သည့် တည်ဆောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးပြည်နယ်များတွင် တည်ဆောက်ရာတွင် လိုက်နာရမည့်ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းညွှန်ကြားချက်တွင် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းအပ်နှံသူက အချိန် မီအပ်နှံရမည်ဟုလည်းကောင်း၊လုပ်ငန်းလက်ခံဆောင်ရွက်သူအနေဖြင့်လည်း လုပ်ငန်းကို ပြီးပြတ်တောင် တာဝန်ခံဆောင်ရွက်ပေးရမည်ဟုလည်းကောင်း၊ ယင်းအပြင် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ လုပ်ငန်းကြီးကြပ်ခြင်း၊ ငွေပေးချေခြင်း၊ စာရင်းစစ်ဆေးမှုခံယူခြင်း တို့ကို တာဝန်အသီးသီး ခွဲဝေပေးထားကြောင်း ၎င်းတင်ပြပြောကြားခဲ့သည်။

ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အပါအဝင် ဦးအောင်မင်းတင်သွင်းသော ငွေကြေးအစီရင်ခံစာနှင့် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့်သဘောထားမှတ်ချက် အစီရင်ခံတို့ကို ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက မေလ ၂၀ ရက် နောက်ဆုံးထား၍ လွှတ်တော်ရုံးသို့ အမည်စာရင်းတင်သွင်းရန် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။