News

POST TYPE

POPULAR POST

ဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ ဗိုင်းရပ်စ်ပြဿနာ ကိုင်တွယ်ဖြေရှင်းမှုများကို အိုဘားမား ပြင်းထန်စွာဝေဖန်
18-May-2020


ဝါရှင်တန်၊ မေ ၁၇

အမေရိကန်ပြည်ထောင်စုတွင် ဆိုးဆိုးရွားရွား ကူးစက်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်အရေးကိစ္စတွင် အမေရိကန် အစိုးရ၏ တုံ့ပြန်ဖြေရှင်းနေမှုနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်ကို ယခင်သမ္မတဟောင်း ဘားရက်အိုဘားမားက ဝေဖန်ထိုးနှက်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဘွဲ့ရကျောင်းသားများကို အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် အစိုးရ အရာရှိအတော်များများသည် ဟန်ဆောင်သဘောဖြင့် တာဝန်ယူဖြေရှင်းမှုပင် မပြုလုပ်ကြောင်း ကပ်ရောဂါကြီးက ဖော်ထုတ်ပြလျက်ရှိသည်ဟု အိုဘားမားကဆိုသည်။ 

ယင်းသို့ သမ္မတဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တုံ့ပြန်စီမံမှုနှင့်ပတ်သက်၍ ဘားရက် အိုဘားမားက ဝေဖန်ခြင်းသည် လတ်တလောရက်ပိုင်းများအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။ 

“ဒါဟာ လုံးဝကို ပရမ်းပတာနိုင်လွန်းတဲ့ ဘေးဒုက္ခဆိုးကြီးတစ်ခုပါပဲ”ဟု လည်း သမ္မတအိုဘားမားက ပြီးခဲ့သည့် သီတင်းပတ်က အွန်လိုင်းကွန့်ဖရင့်တစ်ခုတွင် ပြောကြားခဲ့သေးသည်။ 

ဘွဲ့ရကျောင်းသားများအား မိန့်ခွန်း ပြောကြားရာတွင် COVID-19 သည် အမေရိကန်ပြည်ထောင်စု၏ ခေါင်းဆောင် မှုပိုင်းတွင်း အရေးနိမ့်ကျနေသည့်အချက်ကို ဖော်ကျူးလိုက်သည်ဟု အိုဘားမားက ဆိုသည်။ 

“တကယ်တော့ နောက်ဆုံးမှာ ဒီ ကပ်ရောဂါကြီးက ကန့်လန့်ကာနောက်ကွယ်မှာ ဘယ်ပုဂ္ဂိုလ်တွေက တာဝန်ယူကြီးကြပ်လုပ်ကိုင်ပေးနေတယ်ဆိုတဲ့အချက်ကို ဖွင့်ချပြလိုက်တာပါပဲ”ဟု အိုဘားမားကဆိုသည်။ 

“အဲဒီပုဂ္ဂိုလ်အတော်များများက တာဝန်ယူကြီးကြပ်ပေးနေပါတယ်လို့ ဟန်ဆောင်ပန်ဆောင်တောင် မလုပ်ကြပါဘူး” ဟု ၎င်းကဆိုသည်

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၀၀ ကျော်ခန့်ရှိခဲ့ပြီး ယခုဆိုလျှင် သေဆုံးသူစုစုပေါင်း ၈၉၀၀၀ နီးပါးရှိသွားပြီဖြစ်သည်။ 

လက်ရှိအနေအထားတွင် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် အဆိုပါ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုနှုန်းအမြင့်ဆုံး သောနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကမူ ယခုနှစ်ကုန်ပိုင်းတွင် COVID-19 ကာကွယ်ဆေးဖော်စပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

“ဒီနှစ်ကုန်ပိုင်းလောက်၊ ဒါမှမဟုတ် အဲဒီနှစ်ကုန်ပိုင်းထက် စောပြီး ကာကွယ်ဆေးရရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားတယ်”ဟု အိမ်ဖြူတော်ရှိ နှင်းဆီခြံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ 

ဆေးဝါးပညာကျွမ်းကျင်သူအတော်များများက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စမ်းသပ်ဖော်ထုတ်ရန် အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်လိမ့်မည်ဟု ယူဆထားကြသည်။ 

သိပ္ပံပညာရှင်အချို့ကလည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြိုးစားအားထုတ်ကြမည်ဖြစ်သည့်တိုင် အစွမ်းထက်သည့် ကာကွယ်ဆေးမျိုးကို ရှာတွေ့နိုင်ခြေနည်းပါးကြောင်း သတိပေးထားသည်။ 

F-02