News

POST TYPE

POPULAR POST

တနင်္သာရီတိုင်းတွင် အင်တာနက်လိုင်း မမိသည့် စာသင်ကျောင်း ငါးရာနီးပါးရှိ
18-May-2020


ထားဝယ်၊ မေ ၁၇

တနင်္သာရီတိုင်းတွင် အင်တာနက်လိုင်း မမိသေးသည့် အခြေခံပညာကျောင်း ငါးရာနီးပါးရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

အွန်လိုင်းမှ ပို့ချမည့် Grade 4၊ Grade 7၊ Grade 10 စနစ်သစ် ပညာရေးသင်တန်းအတွက် အင်တာနက်အသုံးပြုနိုင်ခြင်း မရှိ (အင်တာနက်လိုင်း မမိ) သည့် အခြေခံပညာကျောင်းများစာရင်းကို ပညာရေးဝန်ကြီးဌာနက ကောက်ခံနေခြင်း ဖြစ်သည်။

တိုင်းအတွင်းရှိ အွန်လိုင်းသင်တန်းတက်မည့် ထက်၊ လယ်၊ မူ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း တစ်ထောင်ကျော် (၁၃၅၇ ကျောင်း) ရှိသည့်အနက် ငါးရာနီးပါး (၄၆၈) ကျောင်းမှာ လက်ရှိတွင် အင်တာနက်လိုင်း မမိသေးသည့် ဒေသတွင် ရှိနေကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။

အင်တာနက်လိုင်း မမိသည့် ကျောင်းများအနက် တနင်္သာရီမြို့နယ်က အများဆုံး ဖြစ်ပြီး ၁၄၁ ကျောင်း ရှိသည်။

ဒုတိယအများဆုံးမှာ ကျွန်းစုမြို့နယ်ဖြစ်ပြီး ၁၁၁ ကျောင်း ရှိသည်။

လောင်းလုံးနှင့် မြိတ်မြို့နယ်ရှိ ကျောင်းအားလုံးမှာ အင်တာနက်လိုင်း မိနေပြီဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးစာရင်းအရ သိရသည်။

အင်တာနက်လိုင်း မမိသည့် ကျောင်းများမှ သင်တန်းတက်မည့် ဆရာ၊ ဆရာမများကို စာအုပ်များ ဖြန့်ဝေပြီး သင်တန်း ပို့ချမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“အွန်လိုင်းကနေ သင်တန်းမတက်နိုင်တဲ့သူတွေကိုတော့ ဆရာကိုင် စာအုပ်တွေပေးမယ်လို့ ပြောတယ်” ဟု ဒေါ်မြင့်စိန်က ပြောသည်။

Grade 4၊ Grade 7၊ Grade 10  သင်ကြားနေသည့် ဆရာ၊ ဆရာမတိုင်းသည် စနစ်သစ်ပညာရေးသင်တန်းကို တစ်နည်းနည်းဖြင့် တက်ရောက်ကြရမည် ဖြစ်သည်။

ဆရာ၊ ဆရာမအချို့ကမူ အင်တာနက် အသုံးစရိတ်ကို မည်သူကျခံမည်၊ အွန်လိုင်း သင်တန်းစနစ်က မည်မျှအထိ ထိရောက်မှုရှိမည် စသည်တို့အပေါ် မေးခွန်းထုတ်လျက်ရှိသည်။

Dawei Watch