News

POST TYPE

POPULAR POST

Heat Stroke ကြောင့် ပဲခူးဆေးရုံတွင် လေးဦးသေဆုံး
18-May-2020
တောင်ငူ၊ မေ ၁၇

ပဲခူးမြို့နယ်ဆေးရုံကြီးတွင် မေလ ဒုတိယပတ်မှ ယနေ့အထိ Heat Stroke ဖြင့်သေဆုံးသူ လေးဦးရှိခဲ့သည်ဟု ပဲခူး ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ပြောကြားသည်။

“ဆေးကုသမှုခံယူနေခဲ့သူ ၁၈ ဦးမှာ သေဆုံးသူလေးဦးရှိပြီ။ သုံးဦးက အခြေအနေဆိုးလို့ လက်မှတ်ထိုးပြီးဆင်းသွားတယ်။ သေဆုံးသူအများစုက နဂိုရောဂါ အခံနဲ့ အရက်သောက်စားမှုကြောင့်ပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပဲခူးမြို့နယ်ဆေးရုံကြီးတွင် ယခုလ ဒုတိယပတ်မှ မေလ ၁၆ ရက်နေ့အထိ Heat Stroke ဖြင့် ဆေးကုသမှုခံယူခဲ့ သည့်လူနာ ၁၈ ဦးအနက် ကျန်ရှိလူနာ ၆ ဦးတွင် တစ်ဦးမှာ မေလ ၁၇ ရက်နေ့က ဆေးရုံမှဆင်းသွားပြီဖြစ်သည်ဟု ပဲခူးဆေးရုံကြီးထံမှ စုံစမ်းသိရှိရသည်။

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယခုလအတွင်း နေ့အပူရှိန်များမြင့်တက်ခဲ့သည့်အတွက် အပူလျှပ်ကာ ဆေးရုံတက်ရောက်ကုသမှုခံယူလာကြသူများအနက် ဇီးကုန်းမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့တွင်လည်း Heat Stroke ကြောင့် နှစ်ဦး သေဆုံးခဲ့သည်ဟု ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

တစ်နိုင်ငံလုံးတွင် မေလဆန်းပိုင်းက စတင်ပြီး အပူချိန်မြင့်တက်နေသည့်အတွက် ပြည်သူများအနေနှင့် နေ့လယ်နေခင်းဘက်များတွင် လွင်တီးခေါင်နေရာများ၌ ရေမချိုးရန်၊ အရိပ်ရနေရာများတွင် နေထိုင်ရန်နှင့် အရက်သေစာ သောက်စားခြင်းမပြုရန် စသည့် သတိပေးချက်များထုတ်ပြန်ထားပြီး သတိပြုလိုက်နာနေထိုင်ကြရန် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

R-02