News

POST TYPE

POPULAR POST

ပြည်တွင် ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြု
17-May-2020
တောင်ငူ၊ မေ ၁၆

ပဲခူးတိုင်း ပြည်မြို့နယ်အတွင်း တစ်လကျော်ကြာ ရပ်နားထားရသည့် အဝေးပြေးခရီးသည်တင်မော်တော်ယာဉ်လိုင်းများအား သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ မေလ ၁၆ ရက်နေ့ကစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း ပြည်မြို့နယ်မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ထံမှ  စုံစမ်းသိရှိရသည်။

"မနေ့က ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ယာဉ်ကြီးကြပ်ရေးအဖွဲ့ရယ် လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းပြီး MOHS က လမ်းညွန်ချက်တွေအတိုင်း ခရီးသည်တင်ရမယ်။ လုပ်ဆောင်ပေးရမယ်လို့ ညွန်ကြားပြီး ပြေးဆွဲခွင့်ပြုခဲ့တာပါ။ ယာဉ်လိုင်းအားလုံး ပြေးဆွဲခွင့်ပေးလိုက်ပေမယ့် ယာဉ်စီးရေလျှော့ခိုင်းထားတယ်" ဟု ပြည်မြို့နယ်မှ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ယင်းကဲ့သို့ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပေးမည်ဖြစ်သော်လည်း သတ်မှတ်စည်းကမ်းများကို  လိုက်နာဆောင်ရွက်ခြင်းရှိမရှိ နေ့စဉ်စိစစ်မည်ဖြစ်ကြောင်း ပြည်မြို့နယ် မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်-မန္တလေး-နေပြည်တော်နှင့် အခြားမြို့ကြီးများသို့ပြေးဆွဲနေသည့် ပြည်မြို့အခြေစိုက်မော်တော်ယာဉ်လိုင်းများအနေနှင့်  မကွေးနှင့် မန္တလေးတိုင်းတို့သို့ ပြေးဆွဲခွင့်မရှိသေးဘဲ ရန်ကုန်နှင့်ပဲခူးမြို့တို့သို့ စည်းကမ်းချက်ပါ ခရီးသည်ဦးရေအတိုင်း တင်ဆောင်ရန်၊ လက်သန့်ဆေးရည်ဘူးများ ထည့်သွင်းပေးထားရန်၊  နှာခေါင်းစည်း (Mask) များတပ်ဆင်ခိုင်းရန် ညွန်ကြားထားသည်ဟု ပြည်မြို့နယ် မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေး ကော်မတီအဖွဲ့ထံမှ ထပ်မံသိရသည်။

"ကျွန်တော်တို့ ဖြည့်စွက်စည်းကမ်းက စပါယ်ယာက ဆာဂျီကယ်မက်စ်တပ်ပြီး ခရီးသည်တွေကိုဝန်ဆောင်မှုပေးဖို့ပါ။ အဝင်အထွက်ကိုလည်း စာရင်းပေးထားတဲ့ ယာဉ်နံပါတ်အတိုင်းပဲ ခွင့်ပြုမယ်" ဟု ပြည်မြို့နယ်မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြဝင်းက ပြောကြားသည်။

Covid-19 ကာလအတွင်း မော်တော်ယာဉ်လိုင်းများပြေးဆွဲခွင့်ကို ယခုနှစ် ဧပြီ ၃၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ခေတ္တပိတ်ထားခဲ့ရာ ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့အခြေစိုက် ယာဉ်လိုင်းများသည် မေလ ပထမပတ်ကပင် စတင်ပြေးဆွဲခဲ့သည်ဟု တောင်ငူမြို့ အခြေစိုက်ယာဉ်လိုင်းများထံမှသိရသည်။

R-02