News

POST TYPE

POPULAR POST

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်မှသာ တက္ကသိုလ်စာမေးပွဲများကို ပြန်လည်စတင်မည်
10-May-2020
ရန်ကုန်၊ မေ ၁၀

စာမေးပွဲဖြေဆိုနေစဉ် ရပ်ဆိုင်းခဲ့ရသည့် တက္ကသိုလ်အသီးသီး၏ စာမေးပွဲများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ပြီးမှသာ ပြန်လည်စတင်ရန် ကျောင်းများကို အသိပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခံရသည့် မတ်လ ၁၈ ရက်နေ့မှ စတင်ကာ ဖြေဆိုနေဆဲဖြစ်သည့် တက္ကသိုလ်စာမေးပွဲများကို ရပ်ဆိုင်းခဲ့ပြီး ယခုအချိန်အထိ စာမေးပွဲများပြန်လည်ကျင်းပနိုင်ခြင်းမရှိသေးပဲဖြစ်နေရာ ၎င်းစာမေးပွဲများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှသာ ပြန်လည်စတင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အခုက ဘာမှ မလုပ်နိုင်သေးဘူးလေ။စာမေးပွဲတွေလည်း ဒါကို ထိန်းချုပ်နိုင်မှ စီစဉ်စရာရှိတာတွေ စီစဉ်ပြီး ကျောင်းသားကျောင်းသူတွေကို အသိပေးပြီး ပြန်ကျင်းပရမှာ”ဟု ဒေါက်တာသိန်းဝင်းကဆိုသည်။

ယင်းကဲ့သို့ စာမေးပွဲဆိုင်ရာ ကိစ္စများရပ်ဆိုင်းထားသလို ပညာသင်နှစ်ဝက် ကျောင်းဖွင့်ရက်များကိုလည်း ကြေညာနိုင်ခြင်းမရှိသေးဘဲ အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းများ၊ စာစဉ်တင်သွင်းခြင်းများ၊ ထုတ်ယူခြင်းများကို မတ်လ ၂၄ ရက်နေ့မှစတင် ရပ်ဆိုင်းထားဆဲဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင် ခန့်ထားမည့် နည်းပြ၊ သရုပ်ပြ လေ့ကျင့်ရေးသင်တန်းများကို အွန်လိုင်းမှ ပို့ချပေးနေသကဲ့သို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘာသာရပ်မွန်းမံသင်တန်းများကိုလည်း အွန်လိုင်းမှ ပို့ချမှုများပေးနေကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်စာမေးပွဲများ ပြန်လည်ကျင်းပရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်မှာ မှန်ကန်မှုမရှိဘဲ လက်ရှိအချိန်အထိလည်း ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိသေးကြောင်း ဒေါက်တာသိန်းဝင်းက ထပ်လောင်းပြောကြားသည်။

S-09