News

POST TYPE

POPULAR POST

အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်ရမှသာ ကျောင်းများဖွင့်မည်
08-May-2020


ရန်ကုန်၊ မေ ၇

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်ရမှသာ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး၊ ဖွင့်လှစ်နိုင်ရေးများ ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် ကျောင်းအပ်နှံရေးကာလအတွက် အစီအစဉ်များကို ပညာရေးဝန်ကြီးဌာနထံတင်ပြထားပြီး ယင်းကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မိဘများကို အသိပေးရမည့်ကိစ္စများရှိပြီး အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်မည်ဆိုပါက ကျောင်းသား တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၃ ပေ၊ ၆  ပေ အကွာအဝေးတွင်နေခြင်း၊ Mask တပ်ခြင်း၊ နေ့စဉ်အပူချိန်တိုင်းခြင်း စသည် တို့ကိုပြုလုပ်ရမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အတည်ပြုချက်၊ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှသာ အသေးစိတ်ထုတ်ပြန်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး၊ ကျောင်းဖွင့်နိုင်ရေးနှင့် ပတ်သက်၍ မေလဒုတိယပတ်တွင် ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် အောင်စာရင်းများထုတ်ပြန်နိုင်ရန် အဖြေလွှာစစ်ဆေးခြင်းများကို အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေပြီး ညွှန်ကြားချက်ရရှိပါက တစ်ပြိုင်နက်ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

"ကျောင်းဖွင့်ဖို့အနေအထားက အသင့်လုပ်ထားရမယ်။ ကျောင်းဖွင့်တဲ့အချိန်ကျရင်လည်း လိုက်နာရမယ့်အချက်တွေကို လိုက်နာပြီးမှ ဖွင့်မှာပါ။ ကလေးတွေအတွက် အန္တရာယ်မရှိအောင် ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်" ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

အခြေခံပညာကျောင်းများ ပြန်ဖွင့်ချိန်တွင်လိုအပ်ပါက ကျောင်းသား၊ ကျောင်းသူများအတွက် ပြန်လည်အသုံးပြုနိုင်သော Mask များဝေခြင်း၊ ရောဂါကူးစက်မှုရှိသော မြို့နယ်များရှိ ကျောင်းများအတွက် ပိုမိုကြပ်မတ်ဂရုစိုက်မည့်  အစီအစဉ်များလည်းရှိကြောင်း ၎င်းက ပြောဆိုသည်။

"ကလေးအတွက်စိုးရိမ်တာ။ မိဘရှေ့မှာမဟုတ်ရင် ကလေးတွေကလိုက်နာပါ့မလားပေါ့။ ဆရာမတွေကရော ကလေးအများကြီးကို လိုက်ကြည့်နိုင်ပါ့မလား။ ဒီရောဂါတွေရှင်းသွားမှ ကျောင်းတွေပြန်ဖွင့်စေချင်တယ်" ဟု တာမွေ မြို့နယ်ရှိ အလယ်တန်းကျောင်းသား တစ်ဦး၏ မိခင်ဖြစ်သူတစ်ဦးကဆိုသည်။

လက်ရှိတွင်မြန်မာနိုင်ငံ၌ ရောဂါပိုးတွေ့ရှိသူ ၁၆၂ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၅၁ ဦးနှင့် သေဆုံးသူ ၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။     

J-02