News

POST TYPE

POPULAR POST

ရပ်ကွက်အလိုက်ကန့်သတ်တားဆီးခြင်းမလုပ်ရန် ရန်ကုန်တိုင်းအစိုးရထုတ်ပြန်
06-Apr-2020
ရန်ကုန်၊ဧပြီ ၆

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် အထက်ဌာနအဆင့်ဆင့်၏ ညွန်ကြားချက်မရရှိဘဲ မိမိတို့အစီအစဉ်ဖြင့် ရပ်ကွက်အလိုက် ၊အပိုင်းလိုက် ပိတ်ဆို့ခြင်းများ၊ ကန့်သတ်တားဆီးခြင်းမပြုလုပ်ရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ထုတ်ပြန်ထားသည်။

ယခုလက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အထက်ဌာနအဆင့်ဆင့်၏ ညွန်ကြားချက်မရှိ ဘဲ မိမိတို့၏အစီအစဉ်ဖြင့်ရပ်ကွက်၊ကျေးရွာ အုပ်စုများတွင် နေရာအလိုက် အပိုင်းလိုက်ပိတ်ဆို့ခြင်းများ၊ ကန့်သတ်တားဆီးခြင်းများပြုလုပ်နေသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။

"မိမိတို့သဘောနဲ့ရပ်ကွက်တွေ၊လမ်းတွေမှာ လမ်းပိတ်တာတွေမလုပ်ဖို့ ညွှန်ကြားချက်ရောက်ပါပြီ။ ရပ်ကွပ်အုပ်ချုပ်ရေးမှူးတွေကိုတော့ ဒီလိုမျိုးတွေမဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ အုပ်ချုပ်ရေးမှူးကိုလဲ ကျွန်တော်တို့က တိုက်ရိုက်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့အမိန့်မရဘဲ လုံးဝဆောင်ရွက်လို့မရပါဘူး။ ကျွန်တော်တို့လဲ အပေါ်ကအမိန့်မရဘဲ လုံးဝလုပ်ခွင့်မရှိပါဘူး"ဟုဗိုလ်တစ်ထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းကပြောကြားသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရပ်ကွက်များအနေဖြင့် Coronavirus Disease 2019 (COVID-19)နှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းများကို စနစ်တကျပြုလုပ်ဆောင်ရွက်နိုင်သော်လည်း အများပြည်သူအကြပ်အတည်းဖြစ်စေမည့် ဆောင်ရွက်ချက်များကို ရှောင်ရှားရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီမှလည်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများကို အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအဆင့်လုပ်ငန်းကော်မတီ၏ ညွန်ကြားချက်မရှိဘဲ မိမိအစီစဉ်ဖြင့် ရပ်ကွက်အလိုက် ၊အပိုင်းလိုက် ပိတ်ဆို့ခြင်းများ ကန့်သတ်တားဆီးခြင်းများမပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဟု ရန်ကုန်တိုင်းရှိ မြို့နယ်တိုင်းကို ညွှန်ကြားထားသည်။

S-05