News

POST TYPE

POPULAR POST

ကုန်စည်အမျိုးအစားအလိုက်ရောင်းချရမည့် အမြင့်ဆုံးစျေးနှုန်းသတ်မှတ်
05-Apr-2020


ရန်ကုန်၊ ဧပြီ ၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ကုန်စည်အမျိုးအစားအလိုက် ရောင်းချရမည့် အမြင့်ဆုံးစျေးနှုန်း သတ်မှတ်ကြေညာလိုက်သည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို လက်လီရောင်းချသူများအနေနှင့် တင်သွင်းသောကုမ္ပဏီက ဝယ်ယူရသည့် စျေးနှုန်းအပေါ်တွင် နှစ်ဆယ်ရာခိုင်နှုန်းထက် မများသည့်အမြတ်နှင့်သာရောင်းချရန် သတ်မှတ်ကြေညာထားခြင်းဖြစ်သည်။

ဆေးဝါးများကို လက်လီရောင်းချသူများအနေနှင့် တင်သွင်းသည့် ကုမ္ပဏီမှဝယ်ယူရသည့် စျေးနှုန်းအပေါ်တွင် နှစ်ဆယ်ရာခိုင်နှုန်းထက် မများသည့် အမြတ်နှင့်သာ ရောင်းချရမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

စားသုံးကုန်ပစ္စည်းများကိုလည်း ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် လက်ကားစျေးနှုန်း ၅၄,၀၀၀ ကျပ်၊ လက်လီစျေးနှုန်းတစ်အိတ်လျှင် ၅၇,၀၀၀ ကျပ်၊ တစ်ပြည်လျှင် ၂,၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် လက်ကားစျေးနှုန်း ၄၂,၀၀၀ ကျပ်၊ လက်လီစျေးနှုန်းတစ်အိတ်လျှင် ၄၅,၀၀၀ ကျပ်၊ တစ်ပြည်လျှင် ၂,၀၀၀ ကျပ်၊ ဧည့်မထအုပ်စု (ရက် ၉၀) တစ်အိတ်လျှင် လက်ကားစျေးနှုန်း ၂၆,၀၀၀ ကျပ်၊ လက်လီစျေးနှုန်းတစ်အိတ်လျှင် ၂၇,၅၀၀ ကျပ်၊ တစ်ပြည်လျှင် ၁,၃၀၀ ကျပ်၊ ဧည့်မထအုပ်စု (မနောသုခ၊ ရွှေဝါထွန်း၊ သီးထပ်) တစ်အိတ်လျှင် ၂၄,၀၀၀ ကျပ်၊ လက်လီစျေးနှုန်းတစ်အိတ်လျှင် ၂၆,၀၀၀ ကျပ် နှင့် တစ်ပြည်လျှင် ၁,၂၀၀ ကျပ်ရောင်းချရမည်ဟု ကြေညာထားသည်။

အဆိုပါဆန်စျေးနှုန်းများသည် ရန်ကုန်အခြေခံစျေးနှုန်းများဖြစ်ပြီး ဆန်တစ်အိတ်လျှင် ၁၀၈ ပေါင်သတ်မှတ်ကာ စားအုန်းဆီ (အလွတ်) တစ်ပိဿာလျှင် လက်ကားစျေး ၁,၈၇၀ ကျပ်၊ လက်လီစျေးနှုန်း ၂,၀၀၀ ကျပ်၊ ဟင်းသီးဟင်းရွက်ဆီ (၁၈ လီတာပုံး) တစ်ပုံးလျှင် လက်ကားစျေး ၂၁,၀၀၀ ကျပ်၊ လက်လီစျေးနှုန်း ၂၃,၀၀၀ ကျပ်၊ နေကြာဆီ (၁၈ လီတာပုံး) တစ်ပုံးလျှင် လက်ကားစျေး ၂၉,၀၀၀ ကျပ်၊ လက်လီစျေး ၃၁၆၀၀ ကျပ်၊ Vegetable Oil Premium (၁၈ လီတာပုံး) တစ်ပုံးလျှင် ၂၆,၀၀၀ ကျပ်၊ လက်လီစျေး ၂၇,၀၀၀ ကျပ်၊ ဟင်းသီးဟင်းရွက်ဆီ (၁ လီတာ) တစ်ပုလင်းလျှင် လက်ကားစျေး ၃,၀၀၀ ကျပ်၊ လက်လီစျေး ၃,၁၀၀ ကျပ်၊ ပဲပုပ်ဆီ(၁ လီတာ) လက်ကားစျေး ၂,၆၀၀ ကျပ်၊ လက်လီစျေး ၂,၇၀၀ ကျပ်နှင့် မြေပဲဆီ တစ်ပိဿာလျှင် လက်ကားစျေး ၆,၆၀၀ ကျပ်၊ လက်လီစျေး ၇,၀၀၀ ကျပ်နှင့် ရောင်းချရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။

ယင်းစျေးနှုန်းများသည် ရန်ကုန်အခြေခံစျေးနှုန်းများဖြစ်ပြီး အဆိုပါကုန်စည်များကို သတ်မှတ်စျေးထက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

S-07