News

POST TYPE

POPULAR POST

ချောက်ပြည်သူ့ဆေးရုံတွင် သီးခြားစောင့်ကြည့်လူနာတစ်ဦး သေဆုံး
01-Apr-2020
ချောက်၊ မတ် ၃၁

မကွေးတိုင်းဒေသကြီး ချောက်မြို့ပြည်သူ့ဆေးရုံသို့ မတ် ၃၁ ရက်၊ နံနက်ပိုင်းက ရောက်ရှိလာပြီး ဆေးရုံတွင်သီးခြား စောင့်ကြည့်အဖြစ် ထားရှိသည့် လူနာအမျိုးသားမှာ ယင်းနေ့ ညနေ ၃ နာရီခန့်တွင် သေဆုံးသွားကြောင်း ချောက်မြို့ ပြည်သူ့ဆေးရုံထံမှသိရသည်။

"ကုသဖို့ လမ်းညွှန်ချက်ထွက်ထားတဲ့အထဲက အေဘီစီထဲမှာ စီထဲမှာ ဝင်ပါတယ်။ Hospital Quarantine လူနာ မနက်ပိုင်းက ရောက်လာပြီးတော့ ဆေးရုံကိုလာကတည်းက သတိလစ်၊ ဖျားနာ၊ အော့အန်နေတာ၊ လိုအပ်တဲ့ လုပ်ငန်းတွေ လုပ်တယ် အထက်အဆင့်ကို သတင်းပို့တယ်၊ စစ်ချက်အဖြေကိုလည်း စောင့်နေပါတယ်" ဟု ချောက်မြို့ ပြည်သူ့ဆေးရုံ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောသည်။

သေဆုံးသူ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားမှာ အမှတ် ၁၂ ၊ သံကန်ကုန်း ရပ်ကွက်နေသူတစ်ဦးဖြစ်ပြီး COVID-19 ဖြစ်ပွားရာဒေသ၊ နိုင်ငံများသို့ ခရီးသွားရာဇဝင်မရှိကြောင်းနှင့် လွန်ခဲ့သော ၃ နှစ်ခန့်က ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဦးခေါင်းအားခွဲစိတ်ကုသမှု ခံယူထားခဲ့ရဖူးကြောင်း၊ ကိုဗစ် ၁၉ ရောဂါ ရှိ၊ မရှိကို  အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (ရန်ကုန်) သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ် ကြောင်းနှင့် အတူနေထိုင်ခဲ့သော မိသားစုဝင်လေးဦးကို Home Quarantine ထားရှိမည်ဖြစ်သည်ဟု ယင်းဆေးရုံထံမှ သိရသည်။

ချောက်မြို့နယ်အတွင်း ပြည်တော်ပြန် ၈၆ ဦးကို Home Quarantine နှင့် Facility Quarantine အဖြစ် နေထိုင်လျက်ရှိသည်ဟု ချောက်မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ Covid-19 လူနာ ၁၄ ဦးရှိပြီး ကင်ဆာရောဂါအခံရှိသူတစ်ဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။  

နေနိုင်