News

POST TYPE

POPULAR POST

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အသစ်ထပ်မံဖွဲ့စည်း
01-Apr-2020
ရန်ကုန်၊ မတ် ၃၁

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အသစ်ထပ်မံဖွဲ့စည်းလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို ဖျက်သိမ်းကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၃၀ ရက်နေ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄ ဦးအထိ ရှိလာပြီးနောက် ၎င်းကော်မတီကို အသစ်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယင်းကော်မတီတွင် ဒုတိယသမ္မတ (၁) က ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ဝန်ကြီးဌာန ၆ ခုမှ ပြည်ထောင်စုဝန်ကြီးခြောက်ဦးနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကာကွယ်ရေးဦးစီးချုပ်ရုံး)တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူး(၁)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။

ဇန်နဝါရီလ ၁ ရက်နေ့က ဖွဲ့စည်းခဲ့သည့် အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီတွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦး ဦးဆောင်သည့် အဖွဲ့ဝင် ၂၇ ဦးပါဝင်ပြီး လုပ်ငန်းတာဝန် ၃ ချက်ပါဝင်ကာ ၎င်းအဖွဲ့ကို အဆင့်မြှင့်တင်ပြီး အဆုတ်ရောင်ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို မတ်လ ၁၃ ရက်နေ့တွင် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မတီတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ပြီး အဖွဲ့ဝင် ၂၂ ဦး ပါဝင်လျက်လုပ်ငန်းတာဝန် ၇ ရပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ယင်းကော်မတီ၏ အတွင်းရေးမှူးရုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနတွင် အမြန်ဆုံးဖွင့်လှစ်၍ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းလိုင်းများဖွင့်လှစ်ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အဆင့်အလိုက်လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရများ စနစ်တကျ ပေါင်းစပ်ညှိနှိုင်းရမည်ဖြစ် သည်။

ဒေသတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောဂါကူးစက်မှုများရှိလာပါက ပြည်သူများကို အသွားအလာကန့်သတ်မှုအား  တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဆောင်ရွက်ရန်၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ စိတ်ဓာတ်မြှင့်တင်ပေးရေး လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် တိုင်းဒေသကြီးပြည်နယ်အစိုးရများက ဆောင်ရွက်ရမည်ဖြစ်သည်။    

S-09