News

POST TYPE

POPULAR POST

ရန်ကုန်တိုင်းဝန်ကြီးချုပ် နာရီယူခဲ့ပါက ရာထူးမှဖယ်ရှားမည်ဟု ဦးဝင်းထိန်ပြောကြား
30-Nov-2016
နေပြည်တော်၊ နိုဝင်ဘာ ၃၀

အာမခံလျှောက်ထားမှု ပယ်ချခံရပြီးနောက် တာမွေမြို့နယ်တရားရုံးမှ ပြန်ထွက်လာသော
ဒေါက်တာသန်းထွဋ်အောင်ကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က တွေ့ ရစဉ်


Eleven Media Group က ရေး သားဖော်ပြခဲ့သော ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းကျော်တန် နာရီကို လက်ဆောင်ယူခဲ့သည်ဆိုသည့် အချက်အလက် မှန်ပါက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရာထူးမှ ဖယ်ရှားရမည် ဖြစ်ကြောင်း လက်ရှိအစိုးရအဖွဲ့ကို ဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က The Voice သို့ ပြောကြားသည်။

ဒေါ်လာ တစ်သိန်းကျော်တန်နာရီ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်စားတိုင်းအစိုးရအဖွဲ့ ညွန့်ကြားရေးမှူးက Eleven Media Group ၏  CEO နှင့် အယ်ဒီတာချုပ်တို့ကို တရားစွဲဆိုထားမှုအပေါ် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက သွားရောက်မေးမြန်းခြင်းကို ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ယူခဲ့တယ်ဆိုရင် သူ့ကို ထားလို့မရတော့ဘူး။ သူ့ကို ထားလို့မရတော့ဘူး" ဟု အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။ Eleven Media CEO ဒေါက်တာ သန်းထွဋ်အောင် ရေးသားထားသည့် ဒေါ်လာတစ်သိန်းကျော်တန် နာရီကို ဝန်ကြီးချုပ်တစ်ဦး ယူသည့်ကိစ္စ (လာဘ်စားမှု)သည် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် သက်ဆိုင်နေပြီး ယင်းကိစ္စ မှန်ကန်ပါက အထက်ပါအတိုင်း ပြုလုပ်ရမည်ဖြစ်သော်လည်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ရာထူးဖယ်ရှားခံရပါကလည်း ၎င်း၏နေရာ (ဝန်ကြီး ချုပ်ရာထူး) တွင် ဒေါ်စန္ဒာမင်း သို့မဟုတ် ဦးနေဘုန်းလတ်ကို အစားထိုးရန် လုံးဝမဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

"သူ့ကို ထားလို့ မရတော့ဘူး။ မရပေမယ့် နေဘုန်းလတ်နဲ့ စန္ဒာမင်း မဖြစ်မှာတော့ သေချာတယ်" ယင်းအပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လုပ်ဆောင်မှု မှားယွင်း၍ ရာထူးမှပယ်ရှားခံရပါကလည်း  နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ လက်မှတ် ဖြင့် ထုတ်ပြန်ပြောကြားရမည်ဖြစ်ပြီး မီဒီယာတစ်ခုတွင် ဝန်ကြီးချုပ် အစားထိုးမည့်သတင်း ထွက်ပေါ်လာမှုသည် ကောလာဟလသာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"ဖြုတ်မယ်ဆိုရင် သမ္မတလက်မှတ်နဲ့မှ ဖြစ်မှာကိုး။ ခန့်တာက သူပဲခန့်တာ" ဟု ၎င်းက ပြောသည်။လက်ရှိတွင် ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းကျော်တန် နာရီ လက်ဆောင်ယူသည် ဟုရေးသားခဲ့သော Eleven Media မှ CEO ဒေါက်တာ သန်းထွဋ် အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးသည် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် နိုဝင်ဘာ လ ၁၁ရက်နေ့တွင် စတင် ဖမ်းခံခဲ့ရပြီး နိုဝင်ဘာ ၃၀ ရုံးချိန်တွင် အယူခံ တင်ပြခဲ့သော်လည်း အယူခံ မရရှိခဲ့ပေ။

ယင်းကိစ္စတွင် ၆၆(ဃ)ဖြင့် အရေးယူသည်ထက် တည်ဆဲဥပဒေဖြစ်သော အစိုးရကို အကြည်ညိုပျက်စေသည့် ပုဒ်မ ၁၂၄ ဖြင့် အရေးယူ၍ ပြစ်မှုကျူးလွန်သည်ကို ထင်ရှားပါက တရားရေးဆိုင်ရာအရ  ထောင်ဒဏ် ၁၀ နှစ်အထိပင် အရေးယူခံရဖွယ်ရှိကြောင်း အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သုံးသပ်ပြောကြားသည်။

ယင်းကိစ္စတွင် EMG CEO ဒေါက်တာသန်းထွဋ်အောင်၏ ရေးသားဖော်ပြချက် မှန်ကန်ပါက ဒေါက်တာသန်းထွဋ်အောင် အမှုအောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
လက်ရှိအစိုးရအဖွဲ့သည် NLD ပါတီက ဦးဆောင်ဖွဲ့စည်းထားသောကြောင့် အစိုးရအဖွဲ့ကိစ္စများကိုလည်း ဦးတည် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ဆောင်းပါးရေးသား ပြောဆိုထားသည်။ 


  • VIA