News

POST TYPE

POPULAR POST

ကိုရိုနာ ကူးစက်ခံရသူ အင်္ဂလန်ပြန် ကျောင်းသား နေထိုင်ခဲ့သည့် ဆေကိန္ဒာရာမကျောင်းတိုက်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၄၆ ဦးတွင် ပိုး မတွေ့
24-Mar-2020


ရန်ကုန်၊ မတ် ၂၄

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံထားရကြောင်း ပထမဆုံးစမ်းသပ်တွေ့ရှိသူ ၂ ဦးအနက်မှ အင်္ဂလန်ပြန် မြန်မာနိုင်ငံသား အမျိုးသား နေထိုင်ခဲ့သည့် ဆေကိန္ဒာရာမကျောင်းတိုက်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသည့် ၄၆ ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၄ ရက်နေ့ နံနက်အစောပိုင်းက ထုတ်ပြန်လိုက်သည်။

ထို့ပြင် ဝေဘာဂီအထူးကုဆေးရုံကြီးအပါအဝင် မန္တလေး၊ လွိုင်ကော်၊ သီပေါ၊ ဘားအံ၊ ဖျာပုံ၊ အင်းစိန် နှင့် ကျောက်တန်းမြို့နယ်တို့မှ ပြည်သူ့ဆေးရုံများ၊ ကန်တော်နဒီဆေးရုံ၊ ရန်အောင်တိုက်နယ်ဆေးရုံတို့တွင် စောင့်ကြည့်ဆေးကုသမှုခံယူနေရသူ ၁၂ ဦးတို့တွင် COVID-19 ရောဂါပိုး မရှိကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓါတ်ခွဲတွေ့ရှိခဲ့သည်။

ယင်းအပြင် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၁၃) ဦးနှင့် တောင်ဥက္ကလာပအမျိုးသမီးနှင့်ကလေးဆေးရုံကြီးရှိ လူနာဆောင်သစ်တွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၁၅) ဦးတွင်လည်း COVID-19 ရောဂါပိုး မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသည့် မြန်မာနိုင်ငံသား ၂ ဦး စတင်တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်က ထုတ်ပြန်ကြေညာထားသည်။