News

POST TYPE

POPULAR POST

ကျိုင်းတုံဆေးရုံ၌ ကိုရိုနာသံသယဖြင့် ကုသနေသည့် အမျိုးသားတစ်ဦး သေဆုံး
18-Mar-2020

ဓာတ်ပုံ (HHM) ကျိုင်းတုံဆေးရုံကြီးနှင့် သီးသန့်စောင့်ကြည့်ခန်း


ကျိုင်းတုံ၊ မတ် ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးတွင် မတ်လ ၁၇ ရက် ည ၉ နာရီခွဲခန့်က ကိုရိုနာသံသယဖြင့် သီးသန့်ခွဲ၍ ကုသနေသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်း ပြောကြားသည်။

"သေဆုံးသူက ချောင်းဆိုးသွေးပါနဲ့ မိုင်းဖြတ်ကနေ ၁၄ ရက်နေ့က လာတက်နေသူပါ။ မနေ့ကမှ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ကုသနေချိန် ညကဆုံးသွားခဲ့တာ။ သူက ရောဂါဖြစ်ပွားတဲ့ဒေသကို မသွားခဲ့သလို ထိတွေ့ဆက်ဆံဘူးခြင်းလည်း မရှိခဲ့ပါဘူး"ဟု ၎င်းက ရှင်းပြသည်။

မိုင်းဖြတ်မြို့နယ် ကချင်စံပြကျေးရွာနေ အသက် ၃၀ နှစ် အရွယ် အမျိုးသားသည် ကျိုင်းတုံဆေးရုံကြီးတွင် ပြင်းထန်အဆုပ်ရောင်ရောဂါဖြင့် ကုသနေစဉ် သေဆုံးခဲ့ကြောင်း၊ ယင်းလူနာမသေဆုံးမီ ကိုရိုနာသံသယဖြင့် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ ရယူထားပြီး ဓာတ်ခွဲစစ်ဆေးချက်များရရှိပါက ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ယင်းဆေးရုံမှ သိရသည်။

ကျိုင်းတုံဆေးရုံကြီးတွင် ဖေဖော်ဝါရီလအတွင်းက ကိုရိုနာသံသယဖြင့် တရုတ်နိုင်ငံသား မိန်းကလေးငယ်နှင့် မိသားစုဝင်လေးဦးကို သီးသန့်စောင့်ကြည့် ကုသခဲ့ကြောင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရှိခဲ့၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ နေရပ်ပြန်စေခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မန္တလေး ကန်တော်နဒီဆေးရုံတွင် မတ်လ ၁၇ ရက် နံနက်က သေဆုံးခဲ့သော ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ အမျိုးသမီး၏ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးရာ သေဆုံးရသည့် အကြောင်းအရင်းမှာ လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည်။

အဆိုပါ ဆေးရုံတွင် မတ်လ ၆ ရက်နေ့က အသက် ၆၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် Covid -19 သံသယဖြင့် သေဆုံးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ဆီးချိုနှင့် သွေးတိုး စသော မူလရောဂါအခံများကြောင့် သေဆုံးရခြင်းဖြစ်သည်ဟုသာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၁၆ ရက် ည ၈ နာရီခန့်က ကိုယ်အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက်ရှိကာ မူးဝေအော့အန်နေသည့် လူနာအမျိုးသားတစ်ဦး တွေ့ရှိခဲ့၍ ကိုရိုနာသံသယဖြင့် သီးသန့်စောင့်ကြည့်ထားကြောင်း ယင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

"အဲဒီအမျိုးသားက တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနားမှာ အလုပ်သွားလုပ်ပြီး ပြန်လာတာလို့ သိရတယ်။ သူ့ကို သီးသန့်ခန်းမှာ စောင့်ကြည့်စစ်ဆေးနေသလို သူ့မိသားစုဝင်နှစ်ယောက်ကိုလည်း နေအိမ်မှာ သီးသန့်စောင့်ကြည့်နေပါတယ်"ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောကြားသည်။

အလားတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် တရုတ်နိုင်ငံသား အသက် ၃၀ နှစ်နှင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားနှစ်ဦးကို မတ်လ ၁၆ ရက်နေ့ မွန်းတည့်ချိန်က ကိုရိုနာသံသယဖြင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သီးသန့်စောင့်ကြည့်နေကြောင်း သိရသည်။

R-12