News

POST TYPE

POPULAR POST

ရန်ကုန်သင်္ကြန်တွင် ရပ်ကွက်အလိုက် အုန်းလက်မဏ္ဍပ်များဖြင့် ရေကစားပါက စည်ပင်သို့ အကြောင်းကြားရမည်
17-Mar-2020

ယခင်နှစ်သင်္ကြန်က သာကေတမြို့နယ်တွင် အုန်းလက်မဏ္ဍပ်များဆောက်ကာ ရေကစားသူများကို တွေ့ရစဉ်

ရန်ကုန်၊ မတ်လ ၁၇

၁၃၈၁ ပြည့်နှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မိသားစုအလိုက်၊ ရပ်ကွက်အလိုက် အုန်းလက်မဏ္ဍပ်များဆောက်လုပ်ကာ ရေကစားမည်ဆိုပါက အုပ်ချုပ်ရေးနှင့်စည်ပင်သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က The Voice သို့ ပြောကြားသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမလုပ်သင့်ကြောင်း ထုတ်ပြန်ထားသည့်အတွက် မဏ္ဍပ်များ၊ ဖျော်ဖြေရေးစင်မြင့်များ၊ဆောက်လုပ်ခွင့်မပြုခဲ့သော်လည်း မိမိတို့မြို့နယ်၊ ရပ်ကွက်များတွင် အုန်းလက်မဏ္ဍပ်များ၊ ရေပုံးများချကာ ရေကစားခြင်းပြုလုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“မိသားစုအလိုက်၊ ရပ်ကွက်အလိုက် အုန်းလက်မဏ္ဍပ်တွေဆောက်ပြီး ရေကစားမယ်ဆိုရင် စည်ပင်မြို့နယ်ရုံးကို အသိပေးဖို့လိုပါတယ်။ ကလေးတွေအနေနဲ့ မိမိတို့အိမ်ရှေ့တွေမှာ ရေပုံးလေးတွေ ချပက်မယ်ဆိုရင် အသိပေးစရာမလိုပါဘူး”ဟု ဒုတိယမြို့တော်ဝန်ဦးစိုးလွင်က ပြောကြားသည်။

ထို့ပြင် ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်များ၊ ဖျော်ဖြေရေးစင်မြင့်များ၊ ဆောက်လုပ်ခွင့်မပြုသည့်အပြင် အလှပြယာဉ်များလည်း ထွက်ခွင့်မရှိသော်လည်း ဘာသာရေးဆိုင်ရာ စတုဒိသာပွဲများနှင့်ပတ်သက်ပြီး လှူဒါန်းမှုများပြုလုပ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

၂၀၁၉ ခုနှစ်သင်္ကြန်က ပြည်လမ်းမအပါအဝင် အခြားလမ်းမကြီးများ၌ သင်္ကြန်မဏ္ဍပ်အကြီးနှင့် အလတ်အပါအဝင် လမ်းလျှောက်သင်္ကြန်ငါးခု စုစုပေါင်း ၃၅ ခုကို ခွင့်ပြုပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်၊ ဦးဥတ္တမပန်းခြံ (ကန်တော်မင်ပန်းခြံ)၊ မြကျွန်းသာပန်းခြံနှင့် အင်းလျားလမ်းတို့တွင် ကျင်းပပြုလုပ်ခွင့်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

S-05