News

POST TYPE

POPULAR POST

သစ်မှောင်ခိုကားနှင့် သစ်တောဌာနပိုင်ယာဉ် မျက်နှာချင်းဆိုင်တိုက်
09-Mar-2020

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

တောင်ငူ၊ မတ် ၉

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃ အနီးတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်က သစ်တောဦးစီးဌာနပိုင်ကားကို တရားမဝင်သစ်များ တင်ဆောင်လာသည့် ကားက ဝင်တိုက်ခဲ့ရာ သစ်တောဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

“ပြန်လှည့်တိုက်တယ်လို့ ပြောလို့တော့မရဘူး။ ရှေ့မှာလည်း ပိတ်ဆို့ထားတဲ့အခါ ပြန်လှည့်တိုက်မိတဲ့ အနေထားမျိုးပါ”ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးက ပြောကြားသည်။

လှည်းကူးမြို့နယ်သစ် တောဦးစီးဌာနမှ သစ်တောဝန်ထမ်းအချို့လိုက်ပါလာပြီး ဦးကိုကိုမောင်ဆိုသူ မောင်းနင်လာသည့် စူပါကာစတန်မော်တော်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း (အမြန်လမ်း) မိုင်တိုင် ၃/၁ အနီးတွင် တရားမဝင်သစ် သယ်ဆောင်လာသည့်ယာဉ်ဟုယူဆရသော Hight Ace ယာဉ်ကို မသင်္ကာ၍ စစ်ဆေးရန် လိုက်လံတားဆီးစဉ် အဆိုပါကားက နောက်ပြန်လှည့်ပြေးရာ ကားချင်းတိုက်မိရာမှ သစ်တောဝန်ထမ်းတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ယင်းကဲ့သို့ ကားချင်းတိုက်မိခဲ့သည့်ယာဉ်ကို စစ်ဆေးရာမှ တရားမဝင်သစ်ခွဲသားများနှင့်အတူ ယာဉ်မောင်း ဇေယျာမိုးနှင့် သက်ဦး (ခ) ကိုသက်ဆိုကို ဖမ်းဆီးရမိခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှသိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဇေယျာမိုးနှင့်သက်ဦး ခ ကိုသက် တို့ကို အမှတ် ၃ လမ်းဆုံအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၆/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်လှစ်ထားပြီး သစ်တောဥပဒေနှင့် ထပ်မံအမှုဖွင့် တရားစွဲဆိုတင်ပို့သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

R-02