News

POST TYPE

POPULAR POST

ဗဟိုဘဏ်ညွှန်ကြားပါက ဘဏ်တိုးနှုန်းပြောင်းမည်
07-Mar-2020
ရန်ကုန်၊ မတ် ၇

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အကျပ်အတည်းဖြစ်ပေါ်နေသည့်အတွက် လုပ်ငန်းရှင်များချေးယူထားသည့် အတိုးနှုန်းထားများလျှော့ပေးရန် ဗဟိုဘဏ်ညွန်ကြားလာပါက ပြောင်းလဲသတ်မှတ်ပေးမည်ဖြစ်ကြောင်း AGD ဘဏ်ထံမှသိရသည်။

“ဘဏ်တိုးနှုန်းကိုလျှော့ချမယ်ဆိုရင် Saving Rate တွေရှိတယ်။ ဒါတွေကိုလည်း လျှော့ချသွားဖို့လိုအပ်တယ်။ ဘဏ်တိုးချမယ်ဆိုရင် ဘဏ်အပ်ငွေနှုန်းထားတွေကို ချမှာပါ။ ဘဏ်ချေးငွေမှာ အားသာချက်ရယူမယ်ဆိုရင် ဘဏ်မှာငွေထည့်ထားတဲ့သူတွေက အားနည်းသွားမယ်။ ဒီအတွက်ကြောင့် နှစ်ဖက်မျှပြီး စဉ်းစားဖို့လိုအပ်တယ်” ဟု AGD ဘဏ်၏ Chief Business Officer ဦးပြည်စိုးထင်
ကပြောကြားသည်။

လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ကုန်ကြမ်းမရရှိသည့်ပြဿနာကြောင့် ဘဏ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် အခက်အခဲရှိသည်ဟုဆိုသော်လည်း လက်ရှိအချိန်အထိ ဘဏ်တွင်ချေးငွေပြန်ပေးရန် အခက်အခဲကို တင်ပြခြင်းမရှိသေးကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

လက်ရှိဗဟိုဘဏ်၏ အတိုးနှုန်းထားသည် အပေါင်ပစ္စည်းပါဝင်သည့်ချေးငွေများကို အမြင့်ဆုံး ၁၃ ရာခိုင်နှုန်း ၊ အပေါင်ပစ္စည်းမပါဝင်သည့် ချေးငွေများကို ၁၆ ရာခိုင်နှုန်း အတိုးနှုန်းများနှင့် ဘဏ်အပ်ငွေများကို အနိမ့်ဆုံး ၈ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၁၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသည့် တရုတ်နိုင်ငံ၏ စီးပွားရေးရိုက်ခတ်မှုများကြောင့် အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းများ လျှော့ချလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းရှင်များချေးယူထားသည့် ချေးငွေအတိုးနှုန်းထားများ လျှော့ချပေးရန် ဗဟိုဘဏ်ကိုတင်ပြမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

J-03