News

POST TYPE

POPULAR POST

ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံခြင်း
04-Mar-2020
"သင်္ကြန်ကို စိတ်ပူမယ့်အစား မတ်လမှာရှိတဲ့ ဘုရားပွဲမျိုးစုံကို အရင်စိတ်ပူသင့်ပါတယ်"

ဓာတ်ပုံ-Khin Khin Gyi Facebook

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားရာမှ အီတလီ၊ အီရန်နှင့် အထူးသဖြင့် ကိုရီးယားနိုင်ငံတို့တွင် အရှိန်အဟုန်ဖြင့် ကူးစက်ဖြစ်ပွားနေသည့် CORONAVIRUS DISEASE (COVID-19) သည် မြန်မာနိုင်ငံတွင်လည်း ရုတ်တရတ်တစ်ပြိုင်နက် တွေ့ရှိလာနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသဖြင့် သတိပြုစရာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးအား The Voice သတင်းစာက မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

Voice    : MASK (နှာခေါင်းစည်း) က ဈေးကွက်မှာ ပစ္စည်းပြတ်နေတာကြောင့် လူတွေက စိတ်ပူနေကြတယ်။ ပွဲလမ်းသဘင်တွေလည်း ဆက်တိုက်ရှိနေတာကြောင့် ဘယ်လိုသတိထားသင့်ပါသလဲ။
Dr KKG : MASK က တပ်ဖို့လိုအပ်တဲ့အခြေအနေ သုံးခုပဲရှိတယ်။ ကိုယ်တိုင်ဖျားတယ်၊ ချောင်းဆိုးတယ်၊ နှာစေးတယ်။ ဒီလိုမျိုး လက္ခဏာတွေခံစားနေရရင် ကိုယ်က နှာစေး၊ ချောင်းဆိုးဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင်မှာလည်း ပြန်ပြီးပေနိုင်တယ်။ ပေတဲ့ဟာကို ရှူမိတယ်၊ ကိုင်မိတယ်၊ နှာခေါင်းပွတ်မိတယ်ဆိုရင် ကိုယ့်ကိုလည်း ပိုပြီးကူးစက်နိုင်တာပေါ့။ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတယ်ဆိုတာ ကိုယ်ခံအားနည်း နေတဲ့အချိန်။ သူများဆီကလည်း ဝင်နိုင်တာပေါ့။ အဲလိုလူတွေကလည်း MASK တပ်သင့်တယ်။ ဒီလိုလူတွေကို ပြုစုကုသနေတဲ့ မိသားစုဝင်တွေ တပ်သင့်တယ်။ ဒီလိုလူနာတွေကို ပြုစုစောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ တပ်သင့်တယ်။ ဒီသုံးချက်ကတစ်ပါး၊ တခြားသာမန်ပြည်သူတွေ သာမန်အချိန်မှာ မတပ်သင့်ဘူးဆိုတာ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ကလည်း ပြောထားတယ်။ ဒါက တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ရှိနေတဲ့ရင်းမြစ်ကို တကယ်လိုရင်လိုတဲ့နေရာမှာ အသုံးချဖို့လိုတယ်။ မလိုအပ်ဘဲ ဒါကိုဖက်ရှင်လိုတပ်ရင်တော့မရဘူး။ သုတေသနပြုချက်အရ လူတစ်ယောက်က တစ်နေ့ကို ၃၂ ကြိမ် မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေ ပွတ်တယ်။ အဲဒါဆို အဲဒါကြီးတပ်ထားရင် နဂိုအတိုင်းမဟုတ်ဘူး။ ပိုပြီးတော့ လက်ကယောင်ပြီးကိုင်မိလိုက်၊ မျက်နှာ၊ ပါးစပ်ကိုပွတ်လိုက်၊ ချွတ်ပြီး မေးစေ့အောက်မှာ ထားလိုက်နဲ့ စနစ်တကျမလုပ်တာက ပိုတောင်ဆိုးသေးတယ်။ တပ်ရင်လည်း ထိထိရောက်ရောက်ရှိတဲ့ MASK ကို တပ်ရမယ်။ MASK က မလိုအပ်ဘဲ တပ်တာဘာလုပ်မလဲ။ အဲဒါဆိုတော့ MASK တွေရှားပါးတယ်၊ ဝယ်မရဘူး၊ ခက်တယ်ဆိုတာက အစ်မတို့ တစ်နိုင်ငံတည်း မဟုတ်ဘူး။ နိုင်ငံတိုင်း ဖြစ်နေတဲ့ကိစ္စ။ ဒါက Global ပြဿနာကြီး။ အဲ့ဒီအခါကျ နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံနဲ့ကိုယ် (MASK) ထုတ်နိုင်တဲ့နိုင်ငံတွေက ပိုထုတ်ဖို့ကြိုးစားတယ်။ ကိုယ့်နိုင်ငံမှာ ရှိနေတာတွေ အပြင်ထွက်မသွားအောင်လုပ်တယ်။ အစ်မတို့နိုင်ငံလည်း ကိုယ့်နိုင်ငံက MASK တွေ တခြားကိုရောက်မသွားအောင် ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

Voice    : သင်္ကြန်ကနီးနေပြီဆိုတော့ ရောဂါဖြစ်တာမရပ်သေးဘဲ ဆက်ဖြစ်နေမယ်ဆိုရင် တစ်ခုခုလုပ်ဖို့အတွက် ရှိပါသလား။
Dr KKG : သင်္ကြန်က နည်းနည်းဝေးပါသေးတယ်။ လက်ရှိမှာ တရုတ်မှာလည်း ဖြစ်ပွားသေဆုံးမှုတွေကျနေတယ်။ အစ်မတို့ အာဆီယံနိုင်ငံတွေမှာလည်း မဖြစ်တော့ဘူး။ အစ်မတို့နဲ့ဝေးတဲ့ ဥရောပနိုင်ငံအချို့မှာ ဖြစ်နေတယ်။ ဒါကလည်း သင်္ကြန်မတိုင်ခင်မှာ ထိန်းချုပ်နိုင်မယ် ယူဆပါတယ်။ ပြောရမယ်ဆိုရင် ဒီလောက်ကြီး သင်္ကြန်လောက်ထိဖြစ်မယ်လို့ လက်ရှိဒေတာတွေကိုကြည့်မယ်ဆိုရင် မဖြစ်နိုင်ပါဘူး။

Voice    : COVID-19 က ဖြစ်နေတုန်းပဲဆိုတော့ သင်္ကြန်အတွက် ဆွေးနွေးတာရှိပြီလားရှင့်။
Dr KKG : သင်္ကြန်ကို စိတ်ပူမယ့်အစား မတ်လမှာရှိတဲ့ ဘုရားပွဲမျိုးစုံကို အရင်စိတ်ပူသင့်ပါတယ်။ အဲဒါဆို အစ်မတို့ဘာကြေညာထားသလဲ။ ရှင်းရှင်း လင်းလင်းပဲ။ ပွဲတော်တွေကို ပြည်သူလူထုတွေအနေနဲ့ ပွဲလမ်းသဘင်တွေကိုသွားဖို့ ရှောင်ကြဉ်သင့်ပါတယ်။ ပွဲလမ်းသဘင် မဖြစ်မနေ ကျင်းပရမယ်ဆိုရင်လည်း လျှော့ချပြီးကျင်းပသင့်ပါတယ်။ တကယ်လို့ မလျှော့ ချနိုင်ရင်တောင်မှ တက်ရောက်တဲ့လူဉီးရေကို လျှော့ချပြီး လုပ်သင့်ပါတယ်။ ပြည်သူလူထုအနေနဲ့ မဖြစ်မနေသွားမယ်ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာတဲ့အတိုင်း ဆောင်ရွက်သင့်ပါတယ်။ ဒါဆိုရင် ခုနကပြောသလို ဧပြီလအတွက် ဧပြီလအလယ်မှာဖြစ်တဲ့ နောက်တစ်လခွဲလောက်မှာ ဖြစ်မယ့်ဟာကို စိတ်မပူနဲ့။ ဒီလထဲမှာ ဖြစ်တဲ့ဟာတွေကို စိတ်ပူ။

Voice    : ဒါဆို လူထုအနေနဲ့ ဒါကိုပဲ လောလောဆယ်မှာ သတိထားရမယ်ပေါ့နော်။
Dr KKG : ဟုတ်ပါတယ်။

Voice    : ဟုတ်ကဲ့ ကျေးဇူးပါဆရာမ။

အေးသန္တာထွန်း