News

POST TYPE

POPULAR POST

နည်းပညာအောက် ဒူးထောက်ခဲ့ရသည့် ဘဏ်ဓားပြ
14-Feb-2020



ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၃ ရပ်ကွက်တွင် သန္တိသုခဟု အမည်ပေးထားသော ဓမ္မာရုံအတွင်း မှ သံဃာတော်အရှင်သူမြတ်တစ်ပါး၏ ရွတ်ဖတ်ပူဇော်သံမှာ ဓမ္မာရုံတည်ရှိရာ ကိုက် ၅၀ဝ ခန့်အကွာမှပင် ကြည်လင်စွာ ကြားရလျက်ရှိသည်။  

မကောင်းသောဘေးအန္တရာယ်များ ကျရောက်မှုမရှိစေရေး၊ ကောင်းကျိုးချမ်းသာများရရှိရေး စသည်တို့ကိုရည်ရွယ်ကာ ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်းကောင်းမှုဖြင့် ကျင်းပလာသည်မှာ ယခုအကြိမ်ဆိုပါလျှင် ၅ ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ 

ပဋ္ဌာန်းပွဲပြီးဆုံးရန် တစ်ရက်အလို ဖေဖော်ဝါရီလ ၁၁ ရက်ညဦးပိုင်းတွင် သန္တိသုခဓမ္မာရုံရှေ့သို့ လူအများ ရုတ်တရက်ရောက်ရှိလာကြသည်။   

"သံဃာတွေအတွက် ကွမ်းသွားဝယ်တာ၊ ပြန်လာတော့ ဓမ္မာရုံရှေ့လူတွေမှ အများကြီးပဲ၊ ရဲကားတွေလည်း ရောက်နေတာဆိုတော့ ဟာ ဘာတွေဖြစ်ကုန်ပြီလဲလို့ စိတ်ပူသွားတာဗျာ" ဟု ပဋ္ဌာန်းပွဲတွင် ဝေယျာဝစ္စဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးကဆိုသည်။

ပြည်ထဲရေးဝန်ကြီး လစ်လပ်နေချိန် ဖေဖော်ဝါရီ ၇ ရက်က မြောက်ဒဂုံမြို့နယ် (၃၅ ) ရပ်ကွက် ပင်လုံလမ်းမပေါ်ရှိ CB ဘဏ်မှ သိန်း  ၆၀ဝ လုယက်မှုတွင် ပြစ်မှုကျူးလွန်သူဟု ယူဆရသောအမျိုးသားကို ဓမ္မာရုံရှေ့ရှိနေအိမ်တွင် ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီး၍ သက်သေခံပစ္စည်းများ ရှာဖွေသိမ်းဆည်းနေသည်ကို တစ်စတစ်စဖြင့် လူအများသိရှိခဲ့ပြီး လာရောက်ကြည့်ရှုနေကြခြင်းဖြစ်သည်။



ပြစ်မှုကျူးလွန်သူဟုဆိုသော အသက် ၄၇ နှစ်အရွယ် ကိုစိုးကျော်ကျော်မှာ ဓမ္မာရုံရှေ့ရှိ သုံးထပ်တိုက်မှ အပေါ်ဆုံးထပ်ကို တစ်လလျှင်  ၄ သိန်းကျပ်ဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ ငှားရမ်းနေထိုင်သူဖြစ်ပြီး CB Bank တွင် လုယက်မှုကျူးလွန်ခဲ့သည်ကို ရဲတပ်ဖွဲ့ လာရောက်ဖမ်းဆီးမှ သိရှိရကြောင်း အင်ကြင်းမြိုင်လမ်းတွင်နေထိုင်သူအချို့က ပြောသည်။

"အပေါ်ဆုံးက သူတို့နေတဲ့အထပ်ကို တက်သွားတဲ့အချိန်မှာ သူ့ကိုရဲတစ်ယောက်နဲ့တွဲပြီး လက်ထိတ်ခတ်ထားတယ်။ ကိုယ့်အပိုင်ထဲမှာ ဖြစ်နေပေမယ့် ကျွန်တော်တောင် သူ့ကိုသေချာမမြင်ဖူးသေးဘူး" ဟု ၃၃ ရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ ဦးချစ်ဆွေကဆိုသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၅)ရပ်ကွက်၊ ပင်လုံလမ်းရှိ CB ဘဏ်တွင် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ဘဏ်လုံခြုံရေးဝန်ထမ်းကို အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ချိန်၍ ဘဏ်အတွင်းဝင်ရောက်ခဲ့ပြီးနောက် ဘဏ်အငယ်တန်း လက်ထောက်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်ချိန်ရွယ်ပြီး တစ်သောင်းကျပ်တန် ငွေကျပ် သိန်းခြောက်ရာကို ယူဆောင်၍ ယင်းအမျိုးသားနှစ်ဦးက ဘဏ်အတွင်း၌ မိုင်းထောင်ခဲ့သည်။ ပရိုဘောက်အဖြူရောင်ယာဉ်တစ်စီးဖြင့် (၃၅) ရပ်ကွက် အဏ္ဏဝါလမ်းအတိုင်း ယာဉ်မောင်းနှင်ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ရာ မှုခင်းဖြစ်ပွားပြီး ၄ ရက်အကြာတွင် ပြစ်မှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ 

ပြစ်မှုကျူးလွန်သူကို ရက်ပိုင်းအတွင်း စုံစမ်းဖော်ထုတ်ခဲ့ရာတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များသာမက သတင်းတပ်ဖွဲ့စသော ဆက်စပ်အဖွဲ့အစည်းများပါဝင်သော အထူးအဖွဲ့ကို ဖွဲ့စည်း၍ သတင်းအချက်အလက် နည်းပညာကိုအခြေခံ၍ အဓိကဖော်ထုတ် နိုင်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဘဏ်တွင်တပ်ဆင်ထားသော CCTV မှတ် တမ်းအခြေခံပြီး သတင်းအချက်အလက် နည်းပညာဖြင့် ရှာဖွေကြည့်ရာ ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်က CB ဘဏ်တွင် ပိုက်ဆံလာသွင်းခဲ့သူတစ်ဦးမှာ CB ဘဏ်ကိုဓားပြတိုက်သည့်နေ့က ပြစ်မှုကျူးလွန်သူ တစ်ဦးနှင့် အလွန်တူနေသဖြင့် သဲလွန်စရရှိရာမှ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ဖမ်းဆီးခဲ့ကြောင်း မှုခင်းအထူးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ရှင်းပြသည်။

"ပိုက်လုံးတွေကိုဖြတ် တိပ်နဲ့ကပ်ပြီး ဝါယာကြိုးနဲ့ ဗုံးပုံသဏ္ဌာန်လုပ်တယ်။ သေနတ်ကလည်း ဘောစေ့နဲ့ ပစ်ခတ်လို့ရတဲ့သေနတ်ပါ။ ဗုံးအတုလုပ်တဲ့ ပိုက်လုံးတွေကို အိမ်မှာတွေ့တယ်" ဟု ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးကဆိုသည်။

ရဲတပ်ဖွဲ့၏စစ်ဆေးမေးမြန်းချက်များအရ သေနတ်နှင့်ဗုံးကို အင်တာနက်မှကြည့်၍ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယက်မှုကျူးလွန်ပြီးနောက် ကားနှင့်ထွက်ပြေးရာတွင် သေနတ်နှင့်အခြားပစ္စည်းများကို ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ကာ အမှတ် ၄၄ ရပ်ကွက် အမက (၉) ရေ မြောင်းအနီးတွင်လည်းကောင်း၊ ယာဉ်နံပါတ်ပြားနှစ်ခုကို ဘုရင့်နောင်လမ်းရှိ DENKO ဆီဆိုင်အနီး ချုံပုတ်ထဲတွင်လည်းကောင်း နေရာခွဲ၍ လွှင့်ပစ်ခဲ့သည်ကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။

CB ဘဏ်မှလုယူလာသော ငွေကျပ်သိန်း ၆၀ဝ အနက် သိန်း ၁၂၀ ကျော်ကို ရက်ပိုင်းအတွင်း သုံးစွဲခဲ့ပြီး ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရချိန်တွင် မြန်မာကျပ်ငွေ သိန်း ၃၇၀ နှင့် ဒေါ်လာ ၇၀ဝ၀ ကို သိမ်းဆည်းနိုင်ခဲ့သည်။

"အကြွေးဆပ်တာ ကျပ်သိန်း ၅၀၊ ကားဝပ်ရှော့ခ်ပေးတာက သိန်း ၂၀၊ ကားငှားရမ်းခ ၇ သိန်း၊ မော်တော်ယာဉ်ပြင်ဆင်ခ ၃ သိန်း၊  ဧရာဝတီဘဏ်သို့ သွင်းငွေ ၅ သိန်းနဲ့ အခြားသုံးတာပေါင်းရင် ၁၂၂ သိန်းသုံးခဲ့တယ်။ဒါ သူ့ရဲ့ ဝန်ခံချက်တွေအရသိရတာ"ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။

CB ဘဏ်ဓားပြမှုတွင် ကနဦးသတင်းများအရ နှစ်ဦးဖြစ်သည်ဟုဆိုသော်လည်း  ပြစ်မှုကျူးလွန်သူမှာ တစ်ဦးဖြစ်သည့်အတွက် ဖမ်းဆီးသည့်အချိန်တွင် တစ်ဦးတည်းဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မြောက်ဒဂုံမဲဆန္ဒ နယ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကပြောသည်။

မြောက်ဒဂုံမြို့နယ်တွင် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ မှုခင်းဖြစ်ပွားမှုများနည်းပါးသည်ဆိုသော်လည်း ဖြစ်ပွားသည့်မှုခင်း အနည်းငယ်ကပင် ဟိုးလေးတကျော်ဖြစ်ရခြင်းကြောင့် မြို့နယ်ပုံရိပ်လည်းကျဆင်းစေပြီး တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်မှုဖြစ်ကြောင်း ၎င်းကဆိုသည်။



"တပ်မတော်အစိုးရလက်ထက် ၁၉၉၀ မှာ  လုပ်သက်ရင့်ဝန်ထမ်းတွေကို မြေကွက်ပေးခဲ့တော့ ဝန်ထမ်းအများစုနေခဲ့တာ၊ ၂၀၁၀ ကျော်အထိ အမှုကြီးဖြစ်ပွားမှု အတော်နည်းခဲ့ပါတယ်။အခုကျတော့ မြို့ကအရမ်းစည်လာတဲ့အပြင် ပြောင်းရွှေ့တဲ့လူတွေ အရမ်း များလာတယ်။ အမှုတွေလည်း များလာတယ်" ဟု မြောက်ဒဂုံ (၃၆)ရပ်ကွက်တွင်နေထိုင်သူ ရဲဝန်ထမ်းဟောင်းတစ်ဦးက ဆိုလေသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး မှုခင်းဖြစ်လာပါက ရဲတစ်ယောက်တည်းလုပ်၍မရဘဲ ပြည်သူလူထုပါ ဝိုင်းဝန်းကူညီဆောင်ရွက်မှရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြည်ထောင်စုလွှတ်တော်တွင် ဖေဖော်ဝါရီ ၁၃ ရက် နေ့က ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မီဒီယာများနှင့် တွေဆုံစဉ် ပြောကြားခဲ့သည်။

"အမှုတစ်ခုဖြစ်တိုင်း ဖြစ်တိုင်း ဖော်ထုတ်ဖို့ဆိုတာ ရဲမှာပဲတာဝန်ရှိတာမဟုတ်ဘူး၊ လုံခြုံရေးလုပ်တဲ့သူတိုင်းမှာ တာဝန်ရှိတာမဟုတ်ဘူး၊ ပြည်သူလူထုအကုန်လုံးက ဝိုင်းပြီးဆောင်ရွက်ကြမှ ဖော်ထုတ်လို့ရတာ" ဟု ၎င်းကဆိုသည်။

ကိုစိုးကျော်ကျော်မှာ သစ်ကုမ္ပဏီတွင် ယာဉ်မောင်းအဖြစ်လည်းကောင်း၊ Red Dot ကုမ္ပဏီတွင် ဆိုင်း ဘုတ်ကန်ထရိုက်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိနေထိုင်သော သုံးထပ်တိုက်အပေါ်ဆုံးထပ်ကို တစ်လ ၄ သိန်းကျပ်ဖြင့် ငှားရမ်းခဲ့သည်။

အဆိုပါအိမ်ငှားရမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၁၉ တွင် အကြွေးများရှိနေကြောင်း စတင်ကြားသိနေရသော်လည်း  ယခုကဲ့သို့ ရာဇဝတ်မှုကျူးလွန်မည်ဟု လုံးဝထင်မထားမိကြောင်း အသက် ၆၀ အရွယ်အိမ်ရှင်ဖြစ်သူက ပြောသည်။

"အမှန်အတိုင်းပြောရရင် ကျွန်တော်အတော်ကိုလန့်သွားတယ်။နောက်ဆို အိမ်ငှားရင် ဆင်ခြင်ရတော့မှာပေါ့။ ဒါ သင်ခန်းစာပဲ" ဟု ဆိုလေသည်။ 

CB Bank မှ ကျပ်သိန်း ၆၀ဝ လုယက်မှုတွင် ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ချက်ကို ဖတ်ရှုချိန်တွင်  ပြစ်မှုကျူးလွန်သူမှာ ကိုစိုးကျော်ကျော်ဟု ကြားသိရသဖြင့် မယုံကြည်နိုင်လောက်အောင်ဖြစ်မိပြီး စိတ်မကောင်းဖြစ်မိကြောင်း ကိုစိုးကျော်ကျော်နှင့်အတူတူ Red Dot တွင်  အလုပ်လုပ်ခဲ့ဖူးသူ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးက ဆိုလေသည်။ 

"အဲဒီအမှုမဖြစ်ခင် နှစ်ပတ်လောက်က စကားပြောဖြစ်သေးတယ်။ အကြွေးကိစ္စတွေ ရှင်းသွားပြီလား သူ့ကိုမေးတော့ ရှင်းသွားပြီတဲ့။ အရင်သူလုပ်ငန်းလုပ်တုန်းကဆိုရင် ကား လေး ငါး ခြောက်စီးရှိတယ်။ ဖို့စ်ကားတစ်စီးရှိတယ်။ သူ့အတွက် ပိုက်ဆံသိန်း ၆၀ဝ ဆိုတာ ဘယ်မှာရှာရှာရတယ်။ ဒါမျိုးကြားရတော့ ယုံတောင်မယုံဘူး" ဟု ၎င်းကဆိုသည်။

ရာဇဝင်လူဆိုးကြီးများပင် မကြံစည်ဝံ့သော၊  ကြံစည်ရန်မရဲသော ဘဏ်ဓားပြမှုကို ကျူးလွန်မှုကြောင့် သန္တိသုခဓမ္မာရုံနှင့် အနီးဆုံးမျက်နှာချင်းဆိုင်နေအိမ်တွင် နေထိုင်ခဲ့သူ ကိုစိုးကျော်ကျော်မှာ သန္တိ -ငြိမ်းအေးမှု နှင့် သုခချမ်းသာမှုများ အဝေးဆုံးနေရာတွင် ရောက်ရှိနေရပြီဖြစ်သည်။ ဇနီးမယား သမီးသားတို့နှင့် ပျော်ရွှင်ကြည်နူးစွာ နေထိုင်ရမည့်အချိန်ကာလတို့ကို လက်လွှတ် ဆုံးရှုံးခံရတော့မည်ဖြစ်သည်။ မတော်လောဘကြောင့် ခေတ်မီနည်းပညာကိုအသုံးချ၍ ဗုံးအတုလုပ်ကာ   မကောင်းမှုကျူးလွန်ခဲ့သူတစ်ဦးကို ခေတ်မီနည်းပညာက ဘေးဒဏ်ခတ်လိုက်ပြီဖြစ်သည်။ 

မည်သို့ပင်ဆိုစေကာမှု သန္တိသုခဓမ္မာရုံအတွင်းမှ သံဃာတော်အရှင်သူမြတ်တို့ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သံများသည်  နောင်လာမည့်နှစ်များတွင် မြောက်ဒဂုံ (၃၃) ရပ်ကွက်၌ ပျံ့လွင့်နေပေဦးမည်။  

အေးချမ်းသူ၊ Contribute by အောင်စိုး