News

POST TYPE

POPULAR POST

“ကျွန်မတို့ကတော့ အိမ်ထဲမှာပဲ သေလိုက်ရတာကောင်းလိမ့်မယ်”
06-Feb-2020

ဝူဟန်၊ ဖေဖော်ဝါရီ ၅ 

မစ္စဝမ်ဂျွန်ဝန်သည် သေမင်းတမန်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ရာဗဟိုချက် ဟုဆို၍ရသော ဝူဟန်မြို့သူတစ်ဦးဖြစ်သည်။ သူမသည် အသက် ၃၃ နှစ်အရွယ်ရှိ အိမ်ထောင်ရှင်မတစ်ဦးလည်းဖြစ်သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်၊ အခြားမြို့များသို့ ရောဂါကူးစက်ဖြစ်ပွားမည် ကိုစိုးသောကြောင့် ဝူဟန်မြို့ကို တရုတ်အာဏာပိုင်များက အဝင်အထွက်ပိတ်ကာ သီးခြားခွဲထားလိုက်သည့် အချိန်မှစ၍ မစ္စဝမ်ဂျွန်ဝန်တို့ မိသားစုလည်း ယင်းမြို့ရှိ ၎င်းတို့နေအိမ်တွင် စိုးရိမ်သောကစိတ်များဖြင့် နေထိုင်ခဲ့ရသည်။ 

ထိုအချိန်မှစ၍ ဝူဟန်ဗိုင်းရပ်စ်ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ်မှာ ဝူဟန်မြှို့ရှိသည့် ဟူဘေးပြည်နယ်အပါအဝင်အခြား ပြည်နယ်များနှင့် နိုင်ငံများမှ လူပေါင်း နှစ်သောင်းကျော်ကို ကူးစက်ခဲ့သည်။ ယခုဆိုလျှင် ယင်းဗိုင်းရပ်စ်ကူးစက်ခံရသောကြောင့် သေဆုံးသူဦးရေမှာ ၅၀၀ နီးပါးရှိလာပြီဖြစ်သည်။ 

BBC သတင်းဌာနက ဝူဟန်မြို့တွင် နေထိုင်သော မစ္စဝမ်ဂျွန်ဝန်နှင့် အင်တာဗျူးတစ်ခုလုပ်ခွင့်ရရှိခဲ့ရာ မစ္စဝမ်က သူမတို့ မိသားစုကြုံတွေ့နေရသည့် ကြေကွဲဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကြီးကို ပြောပြသွားသည်။ သူမတို့ မိသားစုဆက်လက် အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရပုံများကိုလည်း ရှင်းပြသွားသည်။ 

“ကိုရိုနာဗိုင်းရပ်စ် စဖြစ်တဲ့အချိန်ကတည်းက ကျွန်မရဲ့ဦးလေးဖြစ်သူ သေခဲ့ရတယ်၊ ကျွန်မအဖေကတော့ အင်မတန် ဆိုးဆိုးရွားရွားဖျားနာနေတယ်၊ ကျွန်မရဲ့ အမေနဲ့ အဒေါ်ကတော့ ရောဂါလက္ခဏာတွေ စပြနေပါပြီ”ဟု မစ္စဝမ်ဂျွန်ဝန်ကပြောသည်။ 

စီတီစကင် (CT Scan) ရိုက်ကြည်ရာတွင် သူတို့၏ အဆုတ်တွင် ရောဂါကူးစက်ဖြစ်ပေါ်နေသည်ကို တွေ့ရသည်ဟုဆိုသည်။ 

“ကျွန်မရဲ့အစ်ကိုလည်းချောင်းတွေ ဆိုးနေတယ်၊ တစ်ခါတရံ အသက်ရှူကျပ်တာခံစားနေရတယ်”ဟု မစ္စဝမ်ဂျွန်ဝန်က ပြောပြသည်။ 

“ကျွန်မအဖေကတော့ အပြင်းဖျားနေပါတယ်။ ကိုယ်အပူချိန်က ၁၀၂ ဒီဂရီ ဖာရင်ဟိုက်ရှိတယ်၊ မနေ့ကပေါ့၊ အဖေက ချောင်းတွေဆက်တိုက်ဆိုးတယ်၊ အသက်ရှူ ရခက်တယ်။ ကျွန်မတို့အိမ်မှာအဖေ့အတွက် အောက်ဆီဂျင်စက် တပ်ပေးထားတယ်၊ အဖေက ၂၄ နာရီလုံးလုံး အဲဒီစက်ကိုပဲ အားထားနေရတော့တယ်” 

မစ္စဝမ်ဂျွန်ဝန်၏ ပြောကြားချက်အရ သူမ၏ ဖခင်မှာ တရုတ်တိုင်းရင်းဆေးများရော အနောက်တိုင်းဆေးများကိုပါ မှီဝဲနေသည်။ သူမ၏ ဖခင်ကိုဆေးရုံသို့ပို့၍ မရဘဲဖြစ်နေသည်မှာ ကိုရိုနားဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှန်၊ မမှန်သိရှိရန် စမ်းသပ်စစ်ဆေးပေးမည့်ကိရိယာ ပြတ်လတ်နေခြင်းကြောင့်ဖြစ်သည်။ 

“အမေနဲ့ အဒေါ်ကတော့ ဆေးရုံကို နေ့တိုင်းလမ်းလျှောက်သွားပြီး စုံစမ်းနေတယ်၊ အဖေ့အတွက် ကုတင်တစ်နေရာရလိုရငြား သိရအောင်သွားကြတာ၊ သူတို့နှစ်ယောက်လည်း ကျန်းမာရေးမကောင်းဘဲနဲ့ သွားပြီး စုံစမ်းပေးနေရတယ်။ ဒါပေမဲ့ ဘယ်ဆေးရုံကမှ လက်မခံဘူး” 

ဝူဟန်မြို့တွင် ကိုရိုနာလူနာများအတွက် သီးခြားခွဲထားကာစောင့်ကြည့်ပေးသည့်နေရာ အမြောက်အမြားရှိသည်။ ရောဂါလက္ခဏာအနည်းငယ်သာပြသည့် လူနာများသို့မဟုတ် ရောဂါစတင်ဖြစ်ပေါ်သည့်အဆင့်တွင်သာရှိသေးသည့် လူနာများအတွက် သီးခြားထားသည့်နေရာများ ဖြစ်သည်။ 

“ဒါပေမဲ့ ခက်တာက ကျွန်မရဲ့အဖေလို ဆိုးဆိုးရွားရွား ဖျားနာနေတဲ့လူနာမျိုးတွေအတွက် ခုတင်တစ်နေရာစာတောင် မရှိပါဘူး”ဟု မစ္စဝမ်ဂျွန်ဝန်ကရှင်းပြသည်။ 

“ကျွန်မရဲ့ ဦးလေးကသီးခြားခွဲထားပြီး စောင့်ကြည့်တဲ့နေရာတစ်နေရာမှာ သေသွားတာပါ၊ ဘာကြောင့်လဲဆိုတော့ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားဖြစ်ပေါ် နေတဲ့လူနာတွေအတွက် ဆေးဝါးကုသမှုပေး မယ့်ကိရိယာတွေ ဘာတွေတစ်ခုမှမရှိလို့ပါ။ ကျွန်မအဖေအတွက် ထိထိရောက်ရောက် ကုသမှုပေးနိုင်မယ့်နေရာရဖို့ ဆုတောင်း မိပါတယ်၊ ဒါပေမဲ့ အခုလောလောဆယ် အထိ ဘယ်သူကမှ ကျွန်မတို့ကို မဆက်သွယ်ဘူး၊ အကူအညီလည်း မရဘူး” 

“ကျန်းမာရေးဌာနက အမှုထမ်းတွေ နဲ့ ကျွန်မ မကြာခဏတွေ့တယ်၊ ဒါပေမဲ့ သူတို့က ဘာပြောသလဲဆိုတော့ ဆေးရုံမှာ ခုတင်တစ်လုံးတောင်းနိုင်တဲ့အခွင့်အရေး မရှိဘူးတဲ့” 

မစ္စဝမ်ဂျွန်ဝန်က သူမ၏ ဦးလေးဖြစ်သူနှင့် ဖခင်ဖြစ်သူတို့သွားရောက်ခဲ့သော နေရာကို ဆေးရုံဟုအစပိုင်းက ထင်မှတ်ခဲ့ သော်လည်း အမှန်တကယ်တွင် ဟိုတယ်တစ်ခုသာဖြစ်နေကြောင်း ပြောပြသည်။ 

“အဲဒီနေရာမှာသူနာပြုလည်းမရှိဘူး၊ ဆရာဝန်လည်းမရှိဘူး၊ အပူပေးစက်လည်း မရှိဘူး။ သူတို့ (ဖခင်နှင့် ဦးလေး) နေ့လယ် ပိုင်းမှာသွားခဲ့ကြတယ်၊ ညပိုင်းရောက်တော့ အဲဒီကဝန်ထမ်းတစ်ယောက်ကအေးစက် နေတဲ့အစာတွေကို ညစာအဖြစ်ကျွေးတယ်။ အဲ့ဒီအချိန်မှာ ကျွန်မဦးလေက အင်မတန်ဖျားနေတာ၊ အသက်ရှူလမ်းကြောင်းပိုင်းနဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ ဆိုးဆိုးရွားရွားဖြစ်နေပြီ၊ သတိလည်းလစ်မလို ဖြစ်နေတာ” သီးသန့်ခွဲထားကာစောင့် ရှောက်ပေးသည့်နေရာဆိုသောအဆိုပါ ဟိုတယ်သို့ ဆရာဝန်တစ်ဦးတစ်ယောက်မျှ လာရောက်ခြင်းမရှိကြောင်းလည်း မစ္စဝမ်ဂျွန်ဝန်က ပြောပြသည်။ 

“အဖေနဲ့ ဦးလေးတို့ကသီးခြားအခန်း တစ်ခန်းစီမှာ နေခဲ့ရတယ်၊ မနက်ပိုင်းခြောက် နာရီခွဲလောက်မှာ အဖေကဦးလေးရဲ့အခန်း ကိုသွားကြည့်တော့ ဦးလေးက ဆုံးသွားပါပြီ” 

လတ်တလောအနေအထားတွင် ဆေးရုံသစ်များကို အရေးတကြီးတည် ဆောက်လျက်ရှိသည်။ လက်ရှိအနေအထားတွင် ဆေးရုံများ၌တက်ရောက် ကုသမှုခံယူနေရသော လူနာများအား ယင်းဆေးရုံသစ်သို့ ပို့မည်ဟု သိရသည်။ 

“ဒါပေမဲ့ ကျွန်မတို့လိုလူတွေ၊ ခုတင်တစ်လုံးတောင် မရနိုင်တဲ့သူတွေအတွက်တော့၊ အဲဒီဆေးရုံသစ်တွေမှာလည်း ဒီအတိုင်းပဲဖြစ်မှာပါ” 

“တကယ်လို့ အစိုးရဲ့ညွှန်ကြားချက်အတိုင်းသာ ကျွန်မတို့လိုက်လုပ်နေမယ်ဆိုရင် ကျွန်မတို့သွားနိုင်တဲ့နေရာက အဲဒီဟိုတယ်လို သီးသန့်ခွဲထားတဲ့နေရာမျိုးတွေပါပဲ၊ ဒါပေမဲ့ သွားခဲ့တယ်လေ၊ ကျွန်မရဲ့ ဦးလေးနောက်ဆုံး ဘာဖြစ်သွားသလဲ. . တွေ့တယ်မဟုတ်လား။ အဖေ့ကိုပို့လည်း အဲလိုပဲဖြစ်မှာပဲ” 

“အဲတော့ ကျွန်မတို့ကတော့ အိမ်မှာပဲ သေလိုက်ရတာကောင်းမယ်”

ဝူဟန်မြို့တွင် မစ္စဝမ်ဂျွန်ဝန်ကဲ့သို့သောမိသားစုများ အမြောက်အမြားရှိနေပြီး အားလုံးမှာ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရသည်ဟု ၎င်း၏ အဆိုအရသိရသည်။ 

မစ္စဝမ်ဂျွန်ဝန်၏ သူငယ်ချင်းဖြစ်သူ၏ ဖခင်ဆိုလျှင် သီးသန့်ခွဲထားသည့်စင်တာ တစ်ခုသို့ သွားခဲ့သော်လည်း ယင်းနေရာမှ ဝန်ထမ်းက လက်မခံခဲ့ဟုဆိုသည်။ အကြောင်းမှာ အဖျားအလွန်အမင်းတက်နေသောကြောင့်ဟု ဆိုသည်။ 

“ကျွန်မတို့ကြောက်တယ်၊ နောက်ဘာဆက်ဖြစ်မလဲဆိုတာလည်း ကျွန်မတို့ မသိဘူး”

“ကျွန်မအနေနဲ့ ပြောချင်တာက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာတစ်မြို့လုံးကို ပိတ်ဆို့ထားမယ်ဆိုတာကို ကျွန်မသာကြိုသိခဲ့ရင် တစ်မိသားစုလုံးကို တခြားတစ်နေရာကို ခေါ်ထုတ်သွားခဲ့မိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့မှာ ဘာအကူအညီမှ မရလို့ပါပဲ”

F-01