News

POST TYPE

POPULAR POST

ငွေကျပ်သိန်း ၁၇၀ ဖြင့် ပြန်ပေးဆွဲခံရသူ ကိုမင်းသစ်သူရိန်နှင့် တွေ့ဆုံခြင်း
27-Nov-2016
ရန်ကုန်မြို့တော် မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း၊ ငါးလွှာတိုက်ခန်းမှာ နေထိုင်သော မြန်မာစာအထူးပြု တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ဦးကို နိုဝင်ဘာလ ၁၈ ရက် ညက ငွေကျပ်သိန်း ၁၇၀ ဖြင့် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က နာရီပိုင်အကြာတွင် ကယ်ထုတ်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအချို့ကို ဖမ်းဆီးနိုင်ခဲ့သည်။ နေအိမ်တိုက်ခန်းမှ ပြန်ပေးဆွဲမည့်သူများ၏ ခေါ်ဆောင်ရာသို့ မယောင်မလည်နှင့် လိုက်ပါခဲ့ရသူ ကိုမင်းသစ်သူရိန်ကို တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice : လူမိုက်အဖွဲ့က ပြန်ပေးဆွဲသွားတဲ့ နိုဝင်ဘာလ ၁၉ ရက်ညက အစ်ကို ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြပေးပါဦး။ 

MTTR : ပြန်ပေးဆွဲခံရတဲ့ ည ၇ နာရီလောက်က ကျွန်တော့် ဦးလေးဆိုင်က ကားပစ္စည်းတွေ ယူရောင်းနေတဲ့ ရှကီး (ခ) ရဲမင်းထက်က စကားပြောစရာရှိလို့ ခဏတွေ့ရအောင်လို့ ကျွန်တော့်ဆီ ဖုန်းဆက်ပြောတယ်၊ သိပ်မကြာဘူး သူ့ကားနဲ့ ကျွန်တော့်အိမ်ရှေ့ ရောက်လာတယ်၊  ကားပေါ်မှာ သူနဲ့အတူ အမျိုးသားတစ်ယောက် ပါလာပြီး သာကေတဘက် ပိုက်ဆံသွားပေးစရာ ရှိတယ် ပြောပြီး ကားမောင်းသွားတယ်၊ ၁၀၈ တောင် ဘုရားနားအရောက် အောင်စည်းစိမ် လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တို့ ခဏဝင်ထိုင်ချိန် လူ ၁၀ ယောက်လောက် အုပ်စုကြီး လက်ဖက်ရည်ဆိုင်ထဲ ရောက်လာပြီး ကျွန်တော့်ကို ဝိုင်းလိုက်တယ်၊ ပိုက်ဆံ သိန်း ၁၇၀ ပေးရင်ပေး၊ မပေးရင် သတ်ပစ်မယ်ပြောပြီး ကျွန်တော့်ကို ဓားနဲ့ထောက်ထားတယ်၊ ငွေမပေးရင် မိချောင်းကန်ထဲ ပစ်ချမယ် ပြောတယ်။

Voice : လူလယ်ကောင်မှာ ပြန်ပေးဆွဲ ခြိမ်းခြောက်ငွေတောင်းခံရချိန် ကိုမင်းသစ်သူရိန်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းဖို့ မကြိုးစားခဲ့ဘူးလား။

MTTR : ကျွန်တော့်ကို လူအုပ်နဲ့ ဝိုင်းပိတ်ထားတဲ့ သူတွေက တစ်ကိုယ်လုံး တက်တူးရုပ်တွေနဲ့ လူမိုက်ပုံစံတွေ၊ တစ်ယောက်က ကျွန်တော့်ကို ဓားနဲ့ပါ ထောက်ထားတာ၊ လက်ဖက်ရည်ဆိုင်ထဲက အခြားဝိုင်းတွေမှာ လူတွေရှိပေမယ့် သူတို့ပုံစံက အဲ့ဒီဆိုင်ကို အတော်ပိုင်တဲ့ ပုံမျိုးပဲ၊ အော်ဟစ် အကူအညီတောင်းလိုက်ရင် ကျွန်တော့်ကို တစ်ခုခု လုပ်တော့မှာ သိနေတာကြောင့် သူတို့ခိုင်းတဲ့အတိုင်း အမေ့ဆီ ဖုန်းဆက်ပြီး ကျွန်တော့်ကို ငွေနဲ့လာရွေးဖို့ ပြောခဲ့ရတယ်။

Voice : ကိုမင်းသစ်သူရိန်ရဲ့ အမေက သူတို့ခိုင်းတဲ့အတိုင်း ချက်ချင်း ငွေနဲ့လာရွေးလား။ ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီးမှ လာရွေးတာလား ပြောပြပေးပါ။

MTTR : အိမ်မှာ ငွေသိန်း ၁၇၀ က ဆောင်မထားတော့ အမေက သူတို့တောင်းတဲ့ ငွေပြည့်အောင် လိုက်ရှာရသေးတယ်၊ ဒီကြားထဲမှာ အမေ့ဆီ သူတို့အဖွဲ့က ကျွန်တော့်ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်ပြီး ခြိမ်းခြောက်တယ်၊ ငွေလာမပေးရင် သတ်ပစ်မယ်၊ သာကေတ မိကျောင်းကန်ထဲ ပစ်ချမယ် ပြောနေတာ၊ ည ၁၀ နာရီလောက်မှာ ငွေရချိန် အမေက ရဲစခန်းသွားပြီး အကြောင်းကြားခဲ့တယ်၊ ရဲစခန်း ရောက်နေချိန်မှာ သူတို့ဖုန်း ထပ်ဝင်လာလို့ အမေက ဖုန်းစပီကာ ဖွင့်ပေးပြီး ရဲတွေကို သူတို့ပြောနေတာ နားထောင်းခိုင်းခဲ့တယ်။ ဒါက ကျွန်တော် ပြန်လွတ်လာချိန် အမေ ပြန်ပြောပြလို့ သိခဲ့ရတာပါ။

Voice : ငွေနဲ့ လာမရွေးခင်အထိ ကိုမင်းသစ်သူရိန်ကို လက်ဖက်ရည်ဆိုင်ထဲမှာပဲ သူတို့အဖွဲ့က ထိန်းသိမ်းထားတာလား။

MTTR : ည ၈ နာရီလောက်မှာ လက်ဖက်ရည်ဆိုင်ထဲကနေ ကျွန်တော့်ကို သူတို့အဖွဲ့က လက်တစ်ဖက်စီ ဆွဲချုပ်ကိုင်ပြီး အဲ့ဒီအနားက မြေညီထပ် တိုက်ခန်းထဲ ခေါ်သွားတယ်၊ အသက် ၆၀ လောက်အရွယ် ခေါင်းဆောင်ဆိုသူ ရောက်လာပြီး ငါက ရဲမှူးလုပ်ခဲ့ဖူးသူ၊ လူသတ်ခဲ့လို့ ရဲပြုတ်ဖြစ်ခဲ့တာ၊ ဒီနယ်မှာ ငါ့အကြောင်း သိချင် လိုက်မေးကြည့်၊ တောင်းတဲ့ငွေ မပေးရင် မင်းဘဝပျက်ပြီလို့ မှတ်ထားလိုက်၊ မင်းအမေ ငွေလာပေးပြီးရင် အေးဆေးပြန်၊ ဟိုလူ ဒီလူ အသိမပေးနဲ့ ပြောပြီး ပြန်ထွက်သွားတယ်၊ ပြီးတော့ ကျွန်တော့်ကို Crown ကားတစ်စီးထဲ ဝင်ထိုင်ခိုင်းပြီး နောက်တစ်ဖွဲ့က Probox ကားတစ်စီးနဲ့ အမေ ငွေလာမပေးချိန်အထိ သာကေတမြို့ထဲမှာ လှည့်မောင်းနေတာ။

Voice : ငွေနဲ့ လာရွေးချိန်မှာ ကိုမင်းသစ်သူရိန်ကို ရဲတပ်ဖွဲ့က ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကြားသိရတယ်၊ အဲ့ဒီဖြစ်စဉ်ကို ပြန်ပြောပြပါဦး။

MTTR : ည ၁၂ နာရီလောက်မှာ သူတို့ချိန်းတဲ့ အောင်စည်းစိမ် လက်ဖက်ရည်ဆိုင်ကို အမေက ငွေထုပ်ပိုက်ပြီး ရောက်လာတယ်၊ လက်ဖက်ရည်ဆိုင်ရဲ့ ကားလမ်းတစ်ဖက်မှာ Crown ကားထဲ ကျွန်တော့်ကို သူတို့အဖွဲ့က ပိတ်ဆို့ထားပြီး ထောင်ထောင်မောင်းမောင်း တက်တူးပုံတွေ တစ်ကိုယ်လုံး အပြည့်ထိုးထားတဲ့လူက အမေ့ဆီ ငွေသွားတောင်းတယ်၊ အမေက ငါ့သားမြင်မှ ငွေပေးမယ်၊ ရော့ ရွှေ ရော့ နဂါးပုံစံမျိုးလဲမှ ငွေထုပ်ပေးနိုင်မယ် ပြောလိုက်တယ်၊ အဲ့ဒီလူက Crown  ကားဆီ ပြန်လာပြီး ကျွန်တော့်ကို လာခေါ်ချိန် ရဲတပ်ဖွဲ့က ကားကို ဝိုင်းပိတ်ဆို့ပြီး သူတို့အဖွဲ့ကို ဖမ်းလိုက်တာ၊ ငွေလာယူသူက Probox ကားပေါ် တက်ပြေးသွားတယ်၊ လွတ်သွားတဲ့ Probox  ကားထဲမှာ  လူမိုက်ခေါင်းဆောင်ဆိုသူ ပါသွားတယ်။

Voice : ပြန်ပေးဆွဲအဖွဲ့ လက်ထဲက ပြန်လွတ်လာခဲ့သူ ကိုမင်းသစ်သူရိန်ရဲ့ လက်ရှိ စိတ်အခြေအနေကို ပြောပေးပါဦး။

MTTR : ကျွန်တော့် အသက်က အခုမှ ၂၀ ပဲ ရှိသေးတယ်၊ ဒီလိုပြန်ပေးဆွဲ ခြိမ်းခြောက်တာမျိုး ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတာလေ၊ မြန်မာစာ ဒုတိယနှစ် စာမေးပွဲ ဖြေနေချိန်မှာ ဒီလိုအဖြစ်မျိုး ကြုံတွေ့လိုက်ရတာကြောင့် စာမေးပွဲလည်း ဆက်မဖြေနိုင်ခဲ့ဘူး၊ အခုဆို နေ့ခင်းကြောင်တောင် အချိန်တောင် အဖော်မပါဘဲ အိမ်အောက်မဆင်းရဲဘူး၊ ကိုယ့်တိုက်ခန်းမှာ ကိုယ်နေရပေမယ့် ကျွန်တော် အပါအဝင် ကျွန်တော့် မိသားစုတွေ အားလုံး ဘယ်အချိန် လူမိုက်တွေ လာရန်ပြုမလဲ တွေးကြောက်နေရတာ။

Voice : ပြန်ပေးဆွဲ ခြိမ်းခြောက်ငွေ တောင်းယူတဲ့ အဖွဲ့ဆီ ခေါ်သွားတဲ့ ရှကီး (ခ) ရဲမင်းထက်နဲ့ ကိုမင်းသစ်သူရိန် ကြားမှာ ငွေကြေးအရှုပ်အရှင်းများ ရှိခဲ့လား၊ ပြောပြပေးလို့ ရမလား။

MTTR : ကျွန်တော့်နဲ့ သူ့ကြားမှာ ငွေကြေးအရှုပ်အရှင်း မရှိဘူး၊ ဒါပေမဲ့ ကျွန်တော့် ဦးလေးဆိုင်က ကားပစ္စည်းတွေ သူက ယူရောင်းနေတာ၊ ဦးလေးက သူ့ ဆီမှာ ငွေသိန်းရာချီ အကြွေးရစရာတော့ ရှိတယ်၊ သူက ကျွန်တော်တို့ မိသားစုနဲ့ ခင်မင်နေပြီး အိမ်ကို ဝင်ထွက်သွားလာနေသူပါ၊ အကြွေးပြန်မဆပ်တဲ့အပြင် ကျွန်တော့်ကိုပါ ပြန်ပေးဆွဲပြီး ခြိမ်းခြောက်ငွေတောင်းယူတာ၊ လူမိုက်အဖွဲ့ကို သူကတစ်ဖက်လှည့်ပြီး ကျွန်တော့်က အကြွေးပြန်မဆပ်လို့ ပြန်ပေးဆွဲ ခြိမ်းခြောက်ငွေတောင်းယူခဲ့တာလို့ ပြောထားတယ်၊ ရတဲ့ငွေကို သူနဲ့ လူမိုက်အဖွဲ့က အချိုးကျ ခွဲဝေယူမယ်လို့ ပြန်ပေးဆွဲခံရချိန်မှာ သူတို့ ပြောစကားသံတွေ ကြားခဲ့ရတယ်၊ ကျွန်တော့်လို အဖြစ်မျိုး မကြုံရအောင် ကိုယ့်အပေါင်းအသင်းတွေအပေါ် အပြင်ပန်းကြည့်ပြီး အလွယ်တကူ မယုံကြည်သင့်ဘူး၊ ကိုယ့်လုံခြုံမှုကို ကြိုတင်သတိထားသင့်ပြီး သူများခေါ်တဲ့နောက် ယုံကြည်စွာနဲ့ အလွယ်တကူ လိုက်မသွားသင့်ကြောင်း အကြံပြုချင်ပါတယ်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
                         
ခိုင်စိုးလင်း

ဓာတ်ပုံ - အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့