News

POST TYPE

POPULAR POST

ပြည်သူများကန့်ကွက်နေသည့် စာမေးပွဲအချိန်စာရင်းများ ပြန်လည်ပြင်ဆင်ရန် ဝန်ကြီးသဘောတူ
03-Feb-2020

ဓာတ်ပုံ - အမျိုးသားလွှတ်တော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ပြည်သူများ ကန့်ကွက်နေသော ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အခြေခံပညာစာမေးပွဲအချိန်စာရင်းများကို ပြောင်းလဲပေးရန် ပညာရေးဝန်ကြီးက သဘောတူလိုက်ပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီထံမှ သိရသည်။

ထို့ကြောင့် အခြေခံပညာ အတန်းငယ်များ၏ စာမေးပွဲကို လေးတန်း၊ ရှစ်တန်း အစိုးရစစ်စာမေးပွဲနှင့် ဆယ်တန်းစာမေးပွဲ နှစ်ခု၏ကြားတွင် စစ်ဆေးသွားမည်ဖြစ်သည့်အတွက် မတ် ၃ ရက်နှင့် ၁၁ ရက်ကြားတွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါကော်မတီအတွင်းရေးမှူး ဦးကျော်တုတ်က ပြောသည်။

“လေးတန်း ရှစ်တန်းနဲ့ ဆယ်တန်းစာမေးပွဲကြားကာလကို စစ်ဖို့သဘောတူတယ်။ ပုံစံက တိုင်းဒေသကြီးပြည်နယ်ပညာရေးမှူးရုံးတွေနဲ့ အစိုးရအဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ မိမိအစီအစဉ်နဲ့ ဆောင်ရွက်ရမယ်။ ဝန်ကြီးဌာနကလည်း စာထွက်ပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။


ဓာတ်ပုံ - အမျိုးသားလွှတ်တော်

အခြေခံပညာအတန်းများ၏ စာမေးပွဲအချိန်စာရင်းများနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၃ ရက်က လွှတ်တော်ကိုယ်စားလှယ် ၁၅ အပါအဝင် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာတွင် ယခုကဲ့သို့ သဘောတူခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိထုတ်ပြန်ထားသည့် အချိန်စာရင်းများအရ အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို ဖေဖော်ဝါရီလ ၂၄ နေ့မှစတင်ကာ မတ်လ ၃ ရက်နေ့အပြီး စစ်ဆေးရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပရန် သတ်မှတ်ထားသည့်အတွက် အတန်းငယ်များ၏စာမေးပွဲများစစ်ဆေးရန် ကြားထဲတွင် ရက်သတ္တပတ်တစ်ပတ် အချိန်ရရှိမည်ဖြစ်သည်။

အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးတို့ မတွေ့ဆုံခင်အချိန်ထိ လက်ရှိသတ်မှတ်ထားသော စာမေးပွဲအချိန်စာရင်းများကို ပြောင်းလဲမည်မဟုတ်ပဲ ဆက်လက်ဆောင်ရွက်မည်ဟု ဖေဖော်ဝါရီ ၁ ရက်က ဆရာသမဂ္ဂများနှင့်တွေ့ဆုံစဉ် ပညာရေးဝန်ကြီးက ပြောကြားသော်လည်း ယခုအခါတွင်မူ ပြန်လည်းပြောင်းလဲရန် သဘောတူလိုက်ခြင်းလည်းဖြစ်သည်။

စာမေးပွဲအချိန်များပြောင်းလဲခြင်း၊ စာသင်ချိန်တိုးမြှင့်သတ်မှတ်လိုက်ခြင်းတို့ကြောင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများဖြင့် တစ်နိုင်ငံလုံး ကန့်ကွက်မှုများရှိခဲ့သလို ပညာရေးကောလိပ်ကျောင်းသားကျောင်းသူများကလည်း ဆက်တိုက်ဆန္ဒပြခဲ့ကြသေးသည်။

“လွှတ်တော်ဘက်မှ ပြောခဲ့တဲ့အတွက် အဲ့ဒီမှာတော့ အတည်ပြုနိုင်မှာပါ။ အကိုတို့ကတော့ ဝန်ကြီးဌာနက တရားဝင်စာမထွက်သေးတဲ့အတွက် အတည်ပြုနိုင်တဲ့အခြေအနေမရှိသေးပါဘူး။ ပြန်ပြောင်းပေးမယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ဝန်ကြီးဌာနရောကို ကျေးဇူးတင်ရမှာပါ”ဟု အခြေခံပညာပညာရေး လုပ်သားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုဖြိုးဝေအောင်က ပြောသည်။

ယခင်နှစ်များကမူ အခြေခံပညာကျောင်းသားများ၏ စာမေးပွဲမှာ လေးတန်း၊ ရှစ်တန်း အစိုးရစစ်စာမေးပွဲမတိုင်မီပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း အပြီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

S-09