News

POST TYPE

POPULAR POST

ကေတီဗီဆက်ရှင်ခ မရှင်းနိုင်သည့် အမျိုးသား ဂေါက်ရိုက်တံဖြင့် ရိုက်သတ်ခံရ
02-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရွှေပြည်သာမြို့နယ်၊ ဘုံရည်ကျေးရွာအနီး အမှတ် (၄) လမ်းဘေးရှိ ကေတီဗီဆိုင်တွင် ဆက်ရှင်ခမရှင်းနိုင်သည့် အမျိုးသားသုံးဦး ဂေါက်ရိုက်တံဖြင့် ရိုက်နှက်ခံရသောကြောင့် တစ်ဦး သေဆုံးကာ နှစ်ဦးမှာ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၂၅ နှစ်အရွယ် အမျိုးသားအပါအဝင် အမျိုးသားသုံးဦးမှာ ဇန်နဝါရီ ၃၁ ရက် ညပိုင်းက အမှတ် (၄) လမ်းဘေးရှိ ကေတီဗီဆိုင် တစ်ဆိုင်သို့ သွားရောက်ပြီး သီချင်းဆိုပြီးနောက် ဆက်ရှင်ခ အပြည့်မရှင်းနိုင်သဖြင့် ဆိုင်မန်နေဂျာ အမျိုးသားနှစ်ဦးနှင့် စကားများရန်ဖြစ်ခဲ့သည်။

ယင်းသို့ စကားများရန်ဖြစ်စဉ် ဆိုင်မန်နေဂျာနှစ်ဦးက ၎င်းတို့သုံးဦးအား လက်သီးဖြင့် ထိုးကြိတ်ပြီး ဂေါက်ရိုက်တံဖြင့် ရိုက်နှက်သောကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သောကြောင့် အင်းစိန်ဆေးရုံသို့ တင်ပို့ထားရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် ဆိုင်မန်နေဂျာနှစ်ဦးကို ဖမ်းဆီးထားပြီး လူသတ်မှု ပုဒ်မ ၃၀၂၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

S-03