News

POST TYPE

POPULAR POST

YBS လုပ်ငန်း အရင်းပြုတ်မည့်အနေအထားဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်ဝေဖန်
22-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် YBS လုပ်ငန်းမှာ စာရင်းစစ်ချုပ် အစီရင်ခံစာအရ ကျပ်သန်းပေါင်း သုံးထောင့်ရှစ်ရာကျော် အရှုံးပြနေပြီး အရင်းပြုတ်မည့်အနေအထားဖြစ်နေကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်ပြောကြားသည်။ 

ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာ ရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ တဲ့နေရာမှာ တွေ့နေရတာကတော့ YUPT ကုမ္ပဏီမှာ ကျပ်သန်းပေါင်း သုံးထောင့်ရှစ်ရာကျော် အသားတင်အရှုံးပေါ်နေတယ်။ သို့သော်လည်းပဲ ဝန်ကြီးချုပ်ကြီးအနေနဲ့ စီမံခန့်ခွဲတဲ့နေရာမှာ ဒီငွေတွေကို ဆုံးရှုံးမှုမဖြစ်ရအောင် စီမံဆောင်ရွက်မယ်ဆိုတဲ့ ကတိစကား ပေးထားတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အများကြီး ထောက်ခံပါတယ်။ သို့သော်လည်းပဲ ၂၀၁၇-၁၈ အကျဉ်းချုပ် အစီရင်ခံစာအရတော့ အရင်းပြုတ်မယ့်အနေအထား ဖြစ်နေတဲ့အတွက် ဒါလေးတွေကို စနစ်တကျ ကြီးကြပ်ကွပ်ကဲဖို့ တင်ပြလိုပါတယ်” ဟု ဦးကျော်ဇေယျက ဆိုသည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲရန် ဖြည့်စွက်ရန်ပုံငွေမှ ကျပ်ငွေ ဘီလီယံ ၇၀ ထုတ်ပေးခဲ့ကြောင်း၊ ယင်းဘဏ္ဍာရေးနှစ်မှာပင် Control Center တည်ဆောက်ရန်နှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန် ငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ်ငွေ ဘီလီယံ ၃၀ ထပ်မံခွင့်ပြုခဲ့ကြောင်း သိရသည်။

“အဲဒီကျပ်ငွေ ဘီလီယံ ၃၀ ထဲ ကနေ Control Center အတွက် ကျပ်ငွေ ဘီလီယံ ၂၀ သုံးတယ်။ ၁၀ ဘီလီယံကတော့ ကား ၁၃၇ စီး ဝယ်ခဲ့တယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ ရင်းနှီးမြှုပ်နှံငွေဟာ ဘီလီယံ ၇၀ မဟုတ်ဘဲ ဘီလီယံ ၈၀ ဖြစ်ကြောင်း တင်ပြလိုပါတယ်” ဟု ဦးကျော်ဇေယျက လွှတ်တော်တွင်တင်ပြပြောဆိုခဲ့သည်။

စာရင်းစစ်ချုပ်အစီရင်ခံစာအရ Control Center တည်ဆောက်မှုသည် နည်းပညာအရ အောင်မြင်မှုမရှိသေးသဖြင့် ပြီးစီးမှုမရှိသေးဟု ဖော်ပြထားကြောင်း၊ အဆိုပါနည်းပညာအဖွဲ့ကို တွေ့ဆုံစဉ်က ရန်ကုန်ရှိ မီးပွိုင့် ၁၅၄ ခုကို ပြည်ပမှနေပြီး ထိန်းချုပ်လုပ်ဆောင်နေသည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း၊ ယင်းလုပ်ဆောင်နေမှုသည် အမျိုးသား လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း၊ သို့ဖြစ်ပါ၍ ယင်းနည်းပညာအဖွဲ့ကို ဖျက်သိမ်းပြီး နည်းပညာကုမ္ပဏီအသစ်တစ်ခုကို ထပ်မံငှားရမ်းသင့်ကြောင်း ဦးကျော်ဇေယျက ရန်ကုန်တိုင်းလွှတ်တော်တွင် ထောက်ပြပြောဆိုခဲ့သည်။

ဇော်မိုးလွင်