News

POST TYPE

POPULAR POST

ဘုရင်မကြီးနှင့်ဆွေးနွေးအပြီး မင်းသားဟယ်ရီနှင့်ဇနီးတို့ အရိုက်အရာများမှစွန့်လွှတ်ကာ ထောက်ပံ့ငွေမပေးတော့ဟု နန်းတော်ကြေညာ
20-Jan-2020

တော်ဝင်တာဝန်များအတွက် ရရှိနေသောထောက်ပံ့ငွေများလည်း ရပ်ဆိုင်းခံရမည်ဖြစ်သည်

လန်ဒန်၊ ဇန်နဝါရီ ၁၉

မင်းသားဟယ်ရီနှင့်ဇနီးသည် မီဂန်တို့သည် တော်ဝင်အရိုက်အရာ ဘွဲ့ထူးများကို စွန့်လွှတ်ရမည်ဖြစ်ကာ တော်ဝင်တာဝန်များအတွက် ပြည်သူ့ရန်ပုံငွေများရတော့မည်မဟုတ်ဟု ဘက်ကင်ဟမ်နန်းတော်ကြီးက ကြေညာလိုက်သည်။

ဟယ်ရီနှင့်ဇနီးသည် ဘုရင်မကြီးကို ကိုယ်စားပြုခြင်းလည်းမရှိတော့ဟု တရားဝင်ကြေညာလိုက်ခြင်းဖြစ်သည်။

ဟယ်ရီတို့မိသားစု၏ဗြိတိန်ရှိနေအိမ် ဖရော့ဂ်မိုးကော်တေ့ကို ပြင်ဆင်ရန်အတွက် အသုံးပြုထားသော ပြည်သူ့ဘဏ္ဍာပေါင် ၂ ဒသမ ၄ သန်းကိုလည်း ဆော့ဆက် မြို့စားဟယ်ရီနှင့် မြို့စားကတော်တို့က ပြန်ပေးရန် ဆန္ဒရှိကြောင်း နန်းတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသစ်စီစဉ်မှုများသည် ယခုနှစ် နွေရာသီတွင် စတင်အသက်ဝင်လာမည် ဖြစ်ကြောင်း နန်းတော်သတင်းထုတ်ပြန်ချက်က ဖော်ပြထားသည်။

မင်းသားစုံတွဲက နန်းတော်အကြီးတန်းရာထူးတာဝန်များမှ နုတ်ထွက်လိုကြောင်း ကြေညာခဲ့ပြီးနောက်တွင် တော်ဝင်မိသားစု တွေ့ဆုံဆွေးနွေးကြပြီးနောက် ယခုကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

“လပေါင်းများစွာ စကားပြောခဲ့ခြင်း၊ ယခုမကြာသေးခင်ကာလ ညှိနှိုင်းခြင်းများအရ မြေးတော်နဲ့မိသားစုရဲ့ ရှေ့ဆက်သွားရမယ့်ခရီးအတွက် အပြုသဘောဆောင်တဲ့ ဖေးမကူညီမှုနည်းလမ်းကို အတူတကွရှာတွေ့ခဲ့တာမို့ ကျေနပ်ပါတယ်”ဟု ဘုရင်မကြီးက ဆိုခဲ့သည်ဟု ဖော်ပြထားသည်။

“ဟယ်ရီ၊ မီဂန်နှင့် အာချီတို့ဟာ မိသားစုရဲ့ ချစ်ခင်ရသော မိသားစုဝင်တွေ အမြဲဖြစ်နေမှာပါ” ဟု ကြေညာချက်က ဖော်ပြထားသည်။

ဗြိတိန်နှင့် ဓနသဟာယတို့အတွက် လုပ်ဆောင်ပေးခဲ့မှုများအတွက် ဂုဏ်ယူပါကြောင်းနဲ့ မီဂန်အနေနှင့် မိသားစုဝင်တစ်ဦး လျင်မြန်စွာ ဖြစ်လာခြင်းအပေါ် ဂုဏ်ယူမိကြောင်း ဘုရင်မကြီးကဆိုသည်။

ဘက်ကင်ဟန်နန်းတော်၏ကြေညာချက်တွင်မူ ဆောဆက်မြို့စားနှင့်မြို့စား ကတော်တို့သည် တော်ဝင်အရိုက်အရာများကို ရရှိခံစားနိုင်မည်မဟုတ်တော့ဘဲ တော်ဝင်မိသားစု၏ တာဝန်များနှင့်မသက်ဆိုင်တော့ကြောင်း ကြေညာခဲ့သည်။

မင်းသားဟယ်ရီသည် ဆွေတော်မျိုးတော်တစ်ဦးအနေနှင့် ဗြိတိန်တော်ဝင် တပ်မတော်တွင် တာဝန်ယူထားရသော ရာထူးများကိုပါ စွန့်လွှတ်ရမည်ဖြစ်သည်။ 

F-02