News

POST TYPE

POPULAR POST

ဖားကန့်တွင် ကျောင်းအုပ်ဆရာမတစ်ဦး ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်တည်ဆောက်သဖြင့် ပြောင်းရွှေ့ခံရ
15-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မနကျေးရွာတွင် ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ် တည်ဆောက်သဖြင့် ကျောင်းအုပ် ဆရာမတစ်ဦး ကျောင်းပြောင်းရွှေ့ခံရကြောင်း ကာယကံရှင်က ပြောကြားသည်။

အဆိုပါအကြောင်းအရာကို ရန်ကုန် မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ကျောင်းအုပ်ဆရာမ ဒေါ်နီနီမြင့်က ဇန်နဝါရီ ၁၄ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော မူလတန်းကျောင်းဆောင်သစ်သို့ ပြောင်းရွှေ့ခွင့်မပြုခြင်း၊ ရာအိမ်မှူးနှင့် ကျောင်းအုပ်ဆရာမကြီးအား မဟုတ်မမှန် တိုင်တန်းခြင်း၊ မြို့နယ်ပညာရေးမှူးက ဥပဒေမဲ့ကျောင်းပြောင်းရွှေ့ခိုင်းခြင်း၊ လစာမပေးခြင်းကိစ္စတို့ကို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျောင်းအုပ်ဆရာမ ဒေါ်နီနီမြင့်က “ဘာကြောင့် ကျွန်မကိုပြောင်းရွေ့သလဲ။ ပြစ်ချက်တစ်စုံတစ်ရာ ရှိသလား။ ရှိရင် ပြောပြပါလို့ မေးတယ်။ ဒါပေမဲ့ ခရိုင်က ပြောတယ်၊ ဒါက ပြည်နယ်က လုပ်တာပါ။ သူတို့ မသိရပါဘူးလို့ ပြောတယ်။ ပြောင်းရွှေ့ရတဲ့အကြောင်း သိရရင် ကျွန်မပြောင်းမှာပါ။ အခုလို တိုင်ကြားပြီးမှတော့ ပြောင်းခံရတာ သိက္ခာအများကြီးကျသွားပြီ” ဟု ပြောသည်။

ကျောင်းအုပ် ဒေါ်နီနီမြင့်သည် ကျောင်းဆောက်ခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီများက လှူဒါန်းထားသည့် ငွေကျပ်သိန်း ၁၇၀၀ ကို မိမိတို့ သဘောဖြင့် ထုတ်ယူသုံးစွဲနေသည့်အတွက် တားမြစ်စိစစ်ပေးရန် ဖားကန့်မြို့နယ် ပညာရေးမှူးထံ တိုင်ကြားခံထားရသည်။

ဒေါ်နီနီမြင့်ကို မြို့နယ်ပညာရေးမှူးရုံးက စစ်ဆေးသည့်အခါ ကျောင်းဆောက်ခြင်း နှင့် ပတ်သက်ပြီး ငွေရေးကြေးရေး ကိုင်တွယ်မှုတွင် ပါဝင်ခြင်းမရှိဟု စစ်ဆေး ပေါ်ပေါက်ထားသည်။

ဖားကန့်မြို့နယ် ပညာရေးမှူးအဖြစ် (ယာယီ) တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကျော်မြင့်ဦးက “လစာဖြတ်တာကတော့ မြို့နယ်ပညာရေးမှူးရုံးနဲ့ ဆိုင်တာပေါ့။ သူ့ကို ကျောင်းတစ်ကျောင်းကို ပြောင်းထားတာ။ အမိန့်စာထုတ်ထားတယ်။ ဝန်ထမ်းကတော့ အမိန့်စာထုတ်ထားရင် နာခံရမှာလေ။ သူက မပြောင်းဘူး။ အဲ့ဒါကြောင့် မြို့နယ်ပညာရေးမှူးရုံးက လစာရပ်ထားတဲ့သဘောပါ။ ပြောင်းရွှေ့ ခိုင်းသည့်နေရာရောက်ရင် လစာပြန်ရမှာပါ။ ပြောင်းရွှေ့ခိုင်းတာကို အထက်က ညွှန်ကြားတာပါ” ဟု ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာ ရပ်ကွက်အုပ်စု၊ မန ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ဆောင်သည် ခြစား၊ မိုးယို၊ ယိုင်နဲ့နေသည့်အတွက် ကျောင်းဆောင်သစ် တည်ဆောက်ရန် ရပ်မိရပ်ဖ၊ ကျေးရွာသူ ကျေးရွာသားများ စုပေါင်း၍ အစည်းအဝေး ၁၀ ကြိမ် ပြုလုပ်ခဲ့ကာ ကျောင်းသစ်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ၉၀ ရာခိုင်နှုန်းပြီးစီးကာ ကျောင်းသူကျောင်းသား ၅၆ ဦး ပညာသင်ကြားလျက်ရှိသည်။

နှင်းနုဝင်း